Thursday, September 26, 2013

ကိုယ်သန့်သူနှင့် စိတ်သန့်သူ

တခါက အထက်အညာ မြို့ကလေးတမြို့တွင် အလွန်ဇီဇာကြောင်သော လူတဦးရှိသည်။ သူသည် အစားအသောက်စားရာ၌ သူတပါးနှင့် ဇွန်းပန်ကန် ခွက်ယောက်ချင်း ရောနှောပေါင်းစပ် မစားနိုင်ပါ။ ထို့ကြောင့် အများနှင့် ၀ိုင်းဖွဲ့ပြီး ဘယ်တော့မှ မစားပါ။ မလွှဲမရှောင်သာ၍ စားရလျှင် ထမင်းနှင့် ဟင်းများကို ပထမဦးစွာ အပြီးနှိုက်ယူထားလိုက်သည်။ သူတပါး နှိုက်ပြီးသား ထမင်းဟင်းကိုမူ နောက်ထပ် မနိုက်တော့ပါ။ ရှေးက လက်ရည်တပြင်တည်း စားကြပုံကို ပြောပြလျှင် အော့ကြီး အန်ကြီးဖြစ်၍ ရှောင်သွားတတ်သည်။

တခုသောနွေဦးပေါက်တွင် သူသည် မသွားဖူးသော ခရီးတခုကို သွားရသည်။ သူနှင့် ခရီးသွားမည့်အဖော်များ ရောက်ချိန်တန်လျက် ရောက်မလာသောကြောင့် တဦးတည်းထွက်ခွါလာခဲ့သည်။ သူသည် လမ်းခရီး အခြေအနေကို မသိသောကြောင့် ထမင်းကို အ၀စားခဲ့သည်။ အထုပ်ဖြင့်လည်း ထုပ်ယူလာခဲ့သည်။ ရေကိုလည်း ဘူးတောင်းနှင့် အပြည့်ထည့်ခဲ့သည်။ သို့သော် လမ်းမှာ အရိပ်အာဝါသနည်းသည့်အပြင် ရာသီဥတုကလည်း အလွန်ပူပြင်းလှသောကြောင့် ရေခဏခဏ သောက်ရသည်။ မကြာမီ ရေကုန်သွားလေသည်။

နေမွန်းတိမ်းသောအခါ ပို၍ ပူလာပြီး ချွေးကပိုထွက်လာသည်။ ရေအလွန်ဆာလာသည်။ နောက် ခရီးတတိုင် အတွင်း ရေမတွေ့လျှင် သေရချည်ရဲ့ဟုပင် ညည်းမိလေသည်။ သို့သော် ခရီးတတိုင် မသွားရပါ။ ကုန်းကလေး တခုကို ကျော်လိုက်လျှင် ဆီးပင်ကလေးများနှင့် ဇရပ်အိုတခုကို တွေ့ရသည်။ ဇရပ်၏ ရှေ့မျက်နှာစာတွင်လည်း ရေအိုးစင်ကလေးတခု ရှိ၏။ သူသည် အလွန်ဝမ်းသာသွားသည်။ ဇရပ်သို့ အပြေးတပိုင်းသွားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်သည်။ ရေမှာ တ၀က်ကျော်ကျော် ရှိနေသည်။ တယ်ကံကောင်းပါလား-ဟု တကိုယ်တည်း ပြောပြီး ချိတ်ထားသော အိုးမှုတ်ခွက်ဖြင့် ရေတခွက် ခပ်လိုက်သည်။ သို့သော် ချက်ချင်းမသောက်ဘဲ စဉ်းစားနေလိုက် သေးသည်။

ဤရေမှုတ်သည် သူတကာ သောက်သုံးသော ရေမှုတ်ဖြစ်သည်။ ဘယ်လက်ဖြင့်ကိုင်သူက ညာနှုတ်ခမ်းမှ သောက်မည်။ ညာလက်ဖြင့်ကိုင်သူက ဘယ်နှုတ်ခမ်းဖြင့်သောက်မည်-စသည်ဖြင့် တောင်တောင်အီအီ တွေးတောစဉ်းစားသည်။ ထို့နောက် ဤဘက်ကတော့ မည်သူမှ သောက်မည်မဟုတ်-ဟု ယူဆကာ ရေမှုတ်ကို လက်ကိုင်တပ်ရာဘက်မှ သောက်ချလိုက်သည်။ ဤသို့ ရေနှစ်မှုတ် သုံးမှုတ်လောက် သောက်ပြီးမှ ကျေနပ်စွာဖြင့် ဇရပ်ပေါ် တက်နားလိုက်သည်။

သူရေသောက်နေစဉ် သူ့လှုပ်ရှားမှုကို စိုက်၍ကြည့်နေသော မျက်လုံးတစုံကိုမူ သူသတိမထားမိလိုက်ချေ။ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟိုသည်သည် မျက်လုံးကစားလိုက်မှ မလှမ်းမကမ်း ဆီးပင်အောင်တွင် ထိုင်နေသော အနာကြီးရောဂါသည်တယောက်ကို မြင်လိုက်ရသည်။ ထိုလူမှာ ရောဂါကြောင့် ခြေ၊ လက်၊ နှာခေါင်းများပင် မပီပြင်တော့။ ဦးခေါင်းပတ်ပတ်လည် ဦးထုပ်ဆောင်းသည့် တ၀ိုက်တွင် အရေဖတ်များက လန်နေသေးသည်။ နဖူးနှင့် နှာခေါင်းကလည်း ချွေးတွေလား၊ ဘာတွေလဲ မသိ။ အဆက်မပြတ် စီးကျနေသဖြင့် ပုဆိုးဖြင့် ငုံ့ငုံ့ သုတ်နေရသည်။

ထိုရောဂါသည်သည် မျက်နှာကို ပုဆိုးဖြင့် တချက် ငုံ့သုတ်လိုက်ပြီး ဇရပ်ပေါ်က လူကို လှမ်းမေးလိုက်သည်။ ဒီမှာ ဇရပ်ပေါ်က လူကြီး ကျွန်တော်တခုလောက် မေးပါရစေ။ ထိုအခါ ဇရပ်ပေါ်ကလူက ရောဂါသည်ကြီး သူ့အနား လာမည်စိုး၍ ပျာပျာသလဲဖြင့် ပြောပါ ပြောပါ ကြားပါတယ်-ဟုဆိုသည်။
လူကြီးမင်း-စောစောက ရေသောက်တာ ရေမှုတ်လက်ကိုင်ဘက်က ဘာဖြစ်လို့ ကတ်သီးကတ်သတ် သောက်ရ တာပါလဲ ခင်ဗျား-ဟု ရောဂါသည်က မေး၏။

သြော်-ဒါလား ကျုပ်က ဘယ်အရာမဆို သန့်မှကြိုက်တာဗျ။ သူတကာ သောက်တဲ့ ခွက်နှုတ်ခမ်းကနေပြီး ကျုပ်ရေမသောက်နိုင်ဘူးလေ-ဟု ဆိုလျှင် ရောဂါသည်က သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်
စိတ်မကောင်းပါဘူး၊ လူကြီးမင်းခင်ဗျား၊ ကျွန်တော်ဟာ အတိတ်ဘ၀က သူများအပေါ် မာန်မာနကြီး တခွဲသားနဲ့ မတူမတန် ဆက်ဆံခဲ့မိလို့ ထင်ပါရဲ့၊ အခု ဒီဘ၀မှာ အနာကြီးရောဂါသည် လာဖြစ်ရပါတယ်။ အဲဒီဝဋ်ကြွေးတွေကို ဒီဘ၀ ဒီမျှသာ ရှိစေတော့ဆိုပြီး လူမှန်းသိစအရွယ်ကတည်းက ငါးပါးပဉ္စသီ မြဲခဲ့ပါတယ်။ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် စိတ်ကောင်းထားပါတယ်။ ကျွန်တော့ကို တိရစ္ဆာန်တကောင်လို ဆက်ဆံကြိမ်းမောင်းကြရင်တောင် ဘယ်လိုမှ စိတ်မရှိပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်လဲ ဒီလိုနေမှာပဲလို့ ကိုယ်ချင်းစာပြီး အများစိတ်အနှောက်အယှက် မဖြစ်အောင် သတိထား နေထိုင်ခဲ့ပါတယ်။ အခု အများအသုံးပြုတဲ့ ဇရပ်ပေါ်မှာတောင် တက်မနားဘဲ သစ်ပင်အောက်မှာ နေတာကိုသာ ကြည့်ပါ။

နောက်ပြီး မလွဲမရှောင်သာလို့ အများသောက်တဲ့ သောက်ရေအိုးမှာ ရေသောက်ရရင်လဲ အများကို ကိုယ်ချင်းစာပြီး အများသောက်တဲ့ခွက်ရဲ့ ဘယ်-ညာ နှုတ်ခမ်းတွေက မသောက်ပါဘူး။ ဘယ်သူမှမသောက်တဲ့ လက်ကိုင်ဘက်ကသာ ကတ်သီးကတ်သတ် သောက်ခဲ့ပါတယ်။ အခုတော့ လူကြီးမင်းကလဲ ကျွန်တော့လိုပဲ ကတ်သီးကတ်သတ် လက်ကိုင်ဘက်က သောက်တယ်ဆိုတော့ စိတ်မကောင်းဖြစ်လို့မေးမိတာပါ-ဟု နှာတရှုတ်ရှုတ်နှင့်ပြောသည်။ ဤတွင် ဇရပ်ပေါ်မှ လူဇီဇာကြောင်ကြီးမှာ မည်သို့မျှ အောင့်အည်းနိုင်စွမ်း မရှိတော့ပေ။ သောက်ပြီးသော ရေများသာမက စားပြီးသား အစာများပါ အကုန် အန်ချလေတော့သည်။

နောက် ငါးနှစ်မျှကြာသောအခါ အထက်ဖော်ပြပါ ဇရပ်အိုနေရာတွင် သစ်လွင်လှပသော ဆင်ဝင်စမုတ်နှင့် ဘုံအဆင့်ပါရှိသော ဇရပ်ကြီးတဆောင် မျက်လှည့်ပြလိုက်သလို ပေါ်ပေါက်လာသည်။ ထိုဇရပ်ကြီးသည် ကြီးကျယ်ခမ်းနားရုံမက ဆင်ဝင်စမုတ်၏ တဖက်တချက်တွင်လည်း သောက်ချင့်စဖွယ် ရေအိုးသုံးလုံးစီ ရှိသော ရေအိုးစင် လှလှကလေးများက နေရာယူထားသေးသည်။ ထို့ပြင် ဇရပ်၏တောင်ဘက် မလှမ်းမကမ်းတွင်လည်း ရေတွင်းကြီးတတွင်းက ရေငင်မောင်းတံနှင့် ပုံးနှင့် အသင့်ရှိနေပြန်သည်။ သောက်သုံးရုံမက ချိုး၍ပင် မကုန်နိုင်ချေ။

ထို့ကြောင့် အနှီဇရပ်ကြီးသည် ခရီးသွားတို့အတွက် အလွန်တရာ ကျေးဇူးများလှသော နားခိုစရာစခန်းကြီးတခု ဖြစ်နေပေသည်။ ထိုဇရပ်၌ နားခို၍ ခရီးဆက်ကြရသော လူအပေါင်းတို့သည် ဇရပ်တကာကောင်းမှုရှင်ကြီးကို မှန်းမျှော်၍ မေတ္တာပို့သကာ သာဓုအကြိမ်ကြိမ် ခေါ်သွားကြကုန်၏။

အများမြင်လောက်ရာ ဇရပ်တနေရာတွင် ရေးထိုးထားသော ကောင်းမှုရှင်အမည် ကမ္ပည်းစာတန်းကလည်း ထူးခြားလှသည်။ အညတြ လူသူတော်ကြီးကို ရည်စူး၍ ------မြို့နေ ဦးသန့်စင်+ဒေါ်မယ်အိုတို့၏ ကောင်းမှု-ဟူ၏။
ဦးသန့်စင်-ဟူသည်မှာ ဦးဇီဇာကြောင်ကြီးပင် ဖြစ်သတည်း။ သူသည် အနာကြီးရောဂါသည်၏ ပညာပေးခြင်းကို ခံလိုက်ရသည့်နေ့ကစပြီး အမြင်မှန် ရသွားသည်။ နောင်တတရားလည်း ရသွားသည်။ သူ၏ အများအပေါ် ရွံရှာတတ်သော ဇီဇာကြောင်မှု စိတ်ဆိုးကြီးကို အများနှင့် အဖန်တလဲလဲ ရောနှောစားသောက်ခြင်းအားဖြင့် နှိမ်နင်းပစ်လိုက်သည်။ ကြာလာသောအခါ ရွံရှာတတ်သောစိတ် အလျဉ်းမရှိတော့ရုံမက လူငယ်များနဲ့အတူ လက်ရည်တပြင်တည်းပင် စားပြလိုက်သေးသည်။ ဤသို့ နေ့ချင်း ညချင်း ပြောင်းလဲသွားသော သူ့ကို မြို့နေလူထုများက များစွာ အံ့သြကြလေသည်။ တကယ်တမ်းတွင် သူသည် ဇီဇာကြောင်တတ်သည်ကလွဲ၍ စိတ်ရင်းသဘော ဖြူစင်ကောင်းမွန်သူ ဖြစ်သောကြောင့် မကြာမီ အများ၏ ချစ်ခင်လေးစားမှုကို ခံရသည်။ မိတ်ဆွေရင်းချာများ ပေါများလာသည်။ စီးပွားမှာလည်း ဒီရေအလား တိုးတက်လာလေသည်။

ယခင်က သူသည် အလွန်ဇီဇာကြောင်သူဖြစ်သောကြောင့် အသက်လေးဆယ်ကျော်သည်အထိ အိမ်သူသက်ထားမရှိခဲ့ပေ။ အကျင့်ဆိုးကြီးကို ပြုပြင်လိုက်သည်မှစ၍ မြို့မေတ္တာကို ခံယူရရှိရုံမက ကွမ်းတောင်ကိုင် အချောအလှ မယ်အိ၏ မေတ္တာတုံ့ပြန်မှုကိုပါ ရရှိခဲ့လေသည်။ ဤကဲ့သို့ သူသည် ခြောက်ကပ်အထီးကျန်လှသော ဘ၀မှ စိုပြည်ချမ်းမြေ့ဖွယ် ကောင်းလှသော ဘ၀သို့ ရောက်ရှိခဲ့ပုံကို တွေ့မိလေတိုင်း သူ့ကို ပညာသားပါပါဖြင့် ဆုံးမပေးခဲ့သော ရောဂါသည်ကြီးကို သွား၍ သတိရမိလေသည်။ ထိုေ့ကြာင့် ကတညုတ-ကတဝေဒီ မင်္ဂလာတရားနှင့်အညီ ထိုကျေးဇူးရှင်ကြီး၏ ကျေးဇူးတရားကို အောက်မေ့သောအားဖြင့် သူနှင့်တွေ့ဆုံခဲ့ရာ ဇရပ်အိုကြီးနေရာတွင် ဇရပ်နှင့် ရေတွင်းများကို ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထိုဇရပ်ကို လူသူတော်ဇရပ်ကြီးဟု အများက ခေါ်ကြလေသည်။ နောင်သော် လူသူတော်မှ မည်သို့မည်ပုံ ပြောင်းလဲသွားသည်မသိ။ ဖိုးသူတော်ဇရပ်ဟု ခေါ်ကြပြန်သည်။ ၄င်းဇရပ်အနီးမှ တောင်ကုန်းကိုကား ဇရပ်ကုန်းဟု ခေါ်ကြကုန်၏။ နောင်နှစ်ပေါင်း အတော်ကြာလာသောအခါ ဇရပ်ကြီးမရှိတော့ဘဲ ရေတွင်းကို ဗဟိုပြု၍ လူနေအိမ်ခြေများ ပေါ်ပေါက်လာလေသည်။ ထိုရွာ၏ အမည်သည်လည်း ဇရပ်ကုန်းရွာဟု တွင်လေသတည်း။

ထိုဇရပ်ကုန်းရွာ၏ အနောက်စူးစူး ကုန်းစောင်းကလေးတွင် အဝေးမှမြင်နိုင်သော ကျောက်ပုံစုစုကလေးမှာ ရှေ့ယခင်ကစ၍ ယနေ့တိုင်အောင် ရှိနေပါသေးသည်။ ထိုကျောက်ပုံကလေး၏ အောက်တည့်တည့်တွင် ကျေးဇူးရှင် လူသူတော်ကြီး ထာဝရအိပ်စက်အနားယူလျက် ရှိသည်ကို ဦးသန့်စင် သိမသွားပါချေ။

ထို့ထက်ပို၍ ဆိုရပါလျှင် ဦးသန့်စင်နှင့် တွေ့ဆုံခဲ့သော ထိုအချိန်က လူသူတော်ကြီးသည် သောက်ရေအိုးထဲမှ ရေကို သူ့ခွက်ထဲသို့ ထည့်ပေးပါရန် တောင်းပန်၍ ရမည့်သူကို မျှော်နေခဲ့ပါသည်။ ထိုစဉ် ဦးသန့်စင် ရောက်လာ၍ ရေသောက်ပုံကို မြင်ရသောအခါ ရေတောင်းရန် အစီအစဉ်ကို ဖျက်ပြီး ရေသောက်ပြီးလေဟန်ဖြင့် ဦးသန့်စင်ကို ဆုံးမခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင်မူ သူသည် မည်သည့်အခါမှ အများသောက်ရေအိုးတွင် ရေသောက်လေ့ မရှိပါ။ ထိုနေ့ကလည်း ရေမသောက်ဘဲ အငတ်ခံသွားခဲ့ပေသည်။

ထို့အပြင် သူသည် မိမိ၏ လက်ရှိဘ၀ခရီးကြီး နိဂုံးချုပ်ရတော့မည်ကို ရိပ်စားမိသောအခါ အနောက်ဘက် တောင်စောင်းသို့သွားပြီး ကျင်းကိုကိုယ်တိုင်တူးကာ ၀င်ရောက်အိပ်စက်ပြီး မိမိဇာတ်ကို မိမိဘာသာ သိမ်းခဲ့ ပါသည်။ နောက်တနေ့ နွားကျောင်းသူမကလေးများ ရောက်လာသောအခါ လေမှာ တလူလူလွင့်နေသော စွပ်ကျယ်အဖြူ မည်းညစ်ညစ်တွင် သွေးဖြင့် ရေးထားသည့် မြေဖို့ပေးခဲ့ကြပါ-ဟူသော စာကိုမြင်ကြရသည်။ မိန်းကလေးများက သနားကရုဏာသက်မိသောကြောင့် မြေဖို့ရုံသာမက အနီးအနားရှိ ကျောက်တုံးများကို ယူဆောင်စုပုံပြီး မှတ်တိုင်ကလေးတခုပါ စိုက်ထားပေးခဲ့ကြလေသည်။

ထိုအကြောင်းအရာများကိုလည်း ကွယ်လွန်သူ ဦးသန့်စင်တယောက် သိမသွားခဲ့ပါချေ။ အကယ်၍ သူသာ သိခဲ့မည်ဆိုပါလျှင်---

ဂဝေသီဆရာကြီးနှင့် တပည့်ငါးရာ

ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါက ဂဝေသီအမည်ရှိသော ဆရာကြီးတဦး ရှိသည်။ ထိုဂဝေသီဆရာကြီးတွင် တပည့်ငါးရာ ရှိလေသည်။ ဂဝေသီဆရာကြီးသည် ကဿပမြတ်စွာဘုရားကို ကြည်ညိုသဖြင့် ဘုရားရှင်ထံ၌ ဥပါသကာအဖြစ် ခံယူသည်။ မိမိ၏တပည့် ငါးရာတို့ကိုလည်း ဥပါသကာအဖြစ် ခံယူစေသည်။

ထိုတွင် ဆရာကြီးသည် ဤသို့အကြံဖြစ်၏။ ငါသည် တပည့်ငါးရာတို့၏ ဆရာဖြစ်သည်။ ငါသည်လည်း ဥပါသကာဖြစ်သည်။ တပည့်တို့သည်လည်း ဥပါသကာဖြစ်သည်။ ငါ့တွင်လည်း သီလစောင့်ထိန်းမှု မရှိသေး။ တပည့်တို့တွင်လည်း သီလစောင့်ထိန်းမှု မရှိကြသေးပေ။ ငါနှင့် ငါ့တပည့်တို့သည် အတူတူပင် ဖြစ်နေသည်။ ထို့ကြောင့် ငါသည် ယနေ့မှစ၍ တပည့်တို့ထက် လွန်ကဲ၍ ကျင့်မည်။

ထိုသို့ကြံစည်ကာ ဆရာကြီးသည် တပည့်တို့အား အသင်တို့-ငါသည် ယနေ့မှစ၍ ငါးပါးသီလကို ကောင်းစွာစောင့်ထိန်းတော့မည်-ဟုပြောဆိုကာ ထိုနေ့မှစ၍ ငါးပါးသီလကို ခါးဝတ်ကဲ့သို့ မြဲမြံစွာ စောင့်ထိန်းလေသည်။
ထိုတွင် တပည့်ငါးရာတို့ကလည်း ငါတို့၏ ဆရာကြီးသည် ငါတို့အပေါ်၌ ကျေးဇူးကြီးလှသည်။ ဆရာကြီး၏ ကျေးဇူးကြောင့် ငါတို့သည် ဥပါသကာအဖြစ်ကို ရရှိကြသည်။ ထိုကျေးဇူးကြီးလှသော ဆရာကြီးသည် ငါးပါးသီလကို စောင့်ထိန်းလျှင် ငါတို့သည်လည်း အဘယ်ကြောင့် မစောင့်ထိန်းဘဲ နေရအံ့နည်း။ ယနေ့မှစ၍ ငါတို့သည်လည်း ငါးပါးသီလကို စောင့်ထိန်းကြမည်-ဟုဆိုကာ တပည့်ငါးရာလုံးပင် ငါးပါးသီလကို စောင့်ထိန်းကြလေသည်။

တပည့်ငါးရာတို့ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းလာကြသောအခါ ဆရာကြီးသည် တပည့်တို့အား ဤသို့ဆိုပြန်၏။ အသင်တို့-ငါ့ကို ယနေ့မှစ၍ မြတ်သောအကျင့်ကို ကျင့်သူဟု မှတ်ယူကြပါလော့။ ထိုသို့ဆိုပြီး ထိုနေ့မှစ၍ ယုတ်ညံ့သော မေထုန်အမှုကို မပြုကျင့်တော့ပဲ ရှောင်ကြဉ်လိုက်လေသည်။
တပည့်ငါးရာတို့သည်လည်း ဆရာကြီးကဲ့သို့ပင် ထိုနေ့မှစ၍ မေထုန်မှီဝဲခြင်းကို မပြုကြတော့ဘဲ ရှောင်ကြဉ်လိုက်ကြပြန်သည်။

ထိုတွင် ဆရာကြီးသည် တပည့်တို့ထက် လွန်ကဲ၍ နေလွဲညစာစားခြင်းကို ရှောင်ကြဉ်လိုက်ပြန်သည်။ တပည့်တို့လည်း လိုက်၍ နေ့လွဲညစာစားခြင်းကို ရှောင်ကြဉ်ကြလေသည်။
ထိုအခါ ဆရာကြီးသည် တဆင့်တက်ကာ ဘုရားရှင်ထံ ချဉ်းကပ်၍ ဘုရားရှင်အထံတော်၌ ရဟန်းအဖြစ် ခံယူလိုက်လေသည်။ ရဟန်းဖြစ်ပြီးနောက် ၀ိပဿနာတရားကို ကြိုးစားအားထုတ်ရာ ရဟန္တာအဖြစ်သို့ ဆိုက်ရောက်သွားလေသည်။

တပည့်ငါးရာတို့သည်လည်း ဆရာကြီးနည်းတူ ဘုရားရှင်ထံ၌ ရဟန်းပြုကြပြီး ကြိုးစား၍ တရားရှုမှတ်ကြရာ အားလုံးပင် ရဟန္တာဖြစ်သွားကြလေသည်။
အကိုး။ ။ အင်္ဂုတ္တိုရ်ပါဠိတော်

တရားမှန်

မြတ်စွာဘုရားသည် နာလန္ဒမြို့ ပါဝါရိက သူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ် အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဤသို့လျှောက်လေ၏။

မြတ်စွာဘုရား၊ ပစ္ဆာဘူမိ၌ နေကြသည့် ကရားကိုကိုင်ဆောင်ကာ မှော်ပန်းကို အမြဲဆင်ထားကြကုန်သော ပုဏ္ဏားတို့သည် သေလွန်သောသူကို ၀ိုင်း၍ ရပ်နေကြပြီးလျှင် အချင်း-ဗြဟ္မာ့ပြည်သို့ သွားလော့၊ အချင်း-ဗြဟ္မာ့ပြည်သို့ သွားလော့-ဟုဆိုကာ အထက်သို့ရောက်စေရန် ပြုကြ၏။ နတ်ပြည်သို့ရောက်စေရန် ပြုကြ၏။ မြတ်စွာဘုရားသည်ကား လူသတ္တ၀ါအားလုံးကို သေလွန်သောအခါ နတ်ပြည်သို့ရောက်အောင် ပြုစွမ်းနိုင်ပါ၏လော။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူလေ၏။
ရွာသူကြီး၊ ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးမည်။ သင်နှစ်သက်သလို ဖြေလော့။
ရွာသူကြီး-ဤလောက၌ လူတယောက်သည် သူ့အသက်ကို သတ်လေ့ရှိ၏။
သူ့ဥစ္စာကို ခိုးလေ့ရှိ၏။
သူ့သားမယားကို ဖျက်ဆီးလေ့ရှိ၏။
မုသားပြောလေ့ရှိ၏။
ကုန်းတိုက်လေ့ရှိ၏။
ရုန့်ရင်းကြမ်းတမ်းသောစကားကို ပြောလေ့ရှိ၏။
အဆန်မဲ့သော စကားကို ပြောလေ့ရှိ၏။
သူတပါး စည်းစိမ်ကို ရှေးရှုကြံလေ့ရှိ၏။
သူတပါး ပျက်စီးရာ ပျက်စီးကြောင်းကို ကြံလေ့ရှိ၏။
မှားသောအယူကို ယူ၏။
ထိုသူကို သေလွန်သောအခါ လူအများက၀ိုင်းပြီး ဤသူသည် နတ်ရွာသုဂတိသို့ ရောက်ပါစေ-ဟု ရှိခိုးဆုတောင်းကြလျှင် ထိုသူသည် လူအများက ရှိခိုးဆုတောင်းပေးသည့်အတွက် နတ်ရွာသုဂတိသို့ ရောက်ရာသလော။

ဤသို့မေးသောအခါ ၇ွာသူကြီးက လူအများက ဆုတောင်းပေးသည့်အတွက် နတ်ရွာသုဂတိသို့ ရောက်သည်ဆိုသည်မှာ မဖြစ်နိုင်ပါ-ဟုဖြေသည်။

ရွာသူကြီး ဥပမာအားဖြင့်- ကျောက်တုံးကြီးတခုကို အလွန်နက်သော ရေအိုင်ထဲသို့ ပစ်ချပြီး လူပေါင်းများစွာ ၀ိုင်းအုံ၍ လက်အုပ်ချီကာ ကျောက်တုံးကြီး ရေပေါ်ပေါ်ပါလော့။ ကျောက်တုံးကြီး ကမ်းပေါ်တက်ပါလောဟု ဆုတောင်းလျှင် ထိုကျောက်တုံးကြီးသည် လူအများက ရှိခိုးဆုတောင်းပေးသည့်အတွက် ပေါ်လာရာသလော၊ ကမ်းပေါ်သို့ တက်လာရာသလော။

အရှင်ဘုရား ဤသို့ မဖြစ်နိုင်ပါ။

ရွာသူကြီး ဤဥပမာအတိုင်းပင် အကြင်သူသည် သူ့အသက်ကို သတ်လေ့ရှိ၏။
သူ့ဥစ္စာကို ခိုးလေ့ရှိ၏။ ( ပ )
မှားသောအယူကို ယူ၏
ထိုသူသည် သေလွန်သောအခါ အကယ်၍ လူအများက ၀ိုင်းပြီး ဤသူသည် နတ်ရွာသုဂတိသို့ ရောက်ပါစေ-ဟု ရှိခိုးဆုတောင်းကြသော်လည်း အပါယ်ငရဲသို့သာ ကျရောက်ရာ၏။

ရွာသူကြီး-ဤလောက၌ လူတယောက်သည် သူ့အသက်ကို သတ်ခြင်းမှ ကင်း၏။
သူ့ဥစ္စာကို ခိုးခြင်းမှ ကင်း၏။
သူ့မယားကို ဖျက်ဆီးခြင်းမှ ကင်း၏။
မုသားပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ရုန့်ရင်း ကြမ်းတမ်းသော စကားကိုဆိုခြင်း၊ အဆန်မဲ့သော စကားကို ပြောခြင်းမှ ကင်း၏။
သူတပါးစည်းစိမ်ကို ရှေ့ရှုမကြံ။
သူတပါး ပျက်စီးရာ ပျက်စီးကြောင်းကို မကြံ။
မှန်သောအယူကို ယူ၏။
ထိုသူကို ငရဲသို့ကျပါစေဟု ရှိခိုးဆုတောင်းကြသည့်အတွက် ငရဲသို့ ကျရာသလော။

အရှင်ဘုရား-ဤသို့ မဖြစ်နိုင်ပါ။

ရွာသူကြီး-ဥပမာအားဖြင့် လူတယောက်သည် ထောပတ်အိုးကို ဖြစ်စေ၊ ဆီအိုးကိုဖြစ်စေ၊ အလွန်နဲသော ရေထဲ၌ နှစ်ပြီး ခွဲလိုက်လျှင် အိုးကွဲများက အောက်သို့ ကျသွားပြီး ထောပတ်များ၊ ဆီများက အပေါ်သို့ တက်လာရာ၏။ ထိုထောပတ်တို့ ဆီတို့ကို လူအများက ၀ိုင်းပြီး ဤထောပတ် ဤဆီများသည် ရေထဲသို့ နစ်မြုပ်သွားကြပါစေဟု ရှိခိုးဆုတောင်းလျှင် ထိုထောပတ်များ၊ ဆီများသည် လူအများက ရှိခိုးဆုတောင်းကြသည့်အတိုင်း ရေထဲသို့ နစ်မြုပ်သွားရာသလော။

အရှင်ဘုရား ဤသို့ မဖြစ်နိုင်ပါ။

ရွာသူကြီး ဤဥပမာအတိုင်းပင် အကြင်သူသည် သူ့အသက်သတ်ခြင်းမှ ကင်း၏။
သူ့ဥစ္စာ ခိုးခြင်းမှ ကင်း၏။( ပ )
မှန်သာအယူကို ယူ၏။
ထိုသူသည် သေလွန်သောအခါ အကယ်၍ လူအများက ၀ိုင်းပြီး ဤသူသည် အပါယ်ငရဲသို့ ကျပါစေ-ဟု ရှိခိုးဆုတောင်းကြသော်လည်း ထိုသူသည် နတ်ရွာသုဂတိသို့သာ ရောက်ရာ၏။

( အကိုး-သဠာယတနသံယုတ်၊ ဂါမဏိသံယုတ်၊ အသိဗန္ဓကပုတ္တကသုတ် )

ကျေးဇူးသစ္စာကို စောင့်သိခြင်း၏ အကျိုး

ရှေးအခါက တိုင်းပြည်တပြည်တွင် ပညာရှိ ပုရောဟိတ် အမတ်ကြီးတဦး ရှိသည်။ တခါသော် ထိုပုရောဟိတ်နှင့် ရှင်ဘုရင်တို့ တခုသောပြဿနာအတွက် သဘောကွဲလွဲကြ၏။ မင်းကြီးကလည်း ငါ ဘုရင်မင်းပဲ-ဟု မင်းမာန်ဖြင့် အလျှော့မပေးချေ။ ပုရောဟိတ်ကလည်း ငါပြောတာအမှန်ပဲ၊ သူလဲကောင်းဖို့၊ နိုင်ငံလဲ ကောင်းဖို့ ပြောတာပဲ-ဟု အလျှော့မပေးချေ။ ဘုရင်က ရာဇမာန်ပွားကာ ပုရောဟိတ်အမတ်ကြီးကို ရာထူးမှချ၊ အဆောင်အယောင်များကိုသိမ်း၊ ပင်ကိုယ်က ပါလာတဲ့ ပစ္စည်းလောက်နဲ့ မြို့ပြင်မှာနေစေ-ဟု အမိန့်တော်ချလိုက်သည်။

ပုရောဟိတ်ကြီးသည် မြို့ပြင်မှာ တဲထိုး၍ ဆင်းရဲစွာ နေရသော်လည်း မိမိ၏၀တ္တရားကို မပျက်ကွက်စေဘဲ ညစဉ် ကောင်းကင်နက္ခတ်တို့ကို ကြည့်ရှုလေ့ရှိပေသည်။ ထိုစဉ် ရှင်ဘုရင်ဖြစ်သူက ဆင်ခြင်မိသည်မှာ ငါမေးတိုင်း လက်အောက်မှူးမတ်များ၊ မင်းချင်းများက တိုင်းပြည်သာယာပါတယ်၊ မုဒိန်းဒန္တ စသည်တို့ ကင်းရှင်းပါတယ်-လို့ လျှောက်တင်ကြတယ်။ ယင်းတို့ ပြောတဲ့အတိုင်း မှန်-မမှန် သိရအောင် ငါကိုယ်တိုင်ထွက်၍ စုံစမ်းမည်-ဟု ကြံစည်မိ၏။ သို့ဖြင့် ညအခါ တဦးတည်း ရုပ်ဖျက်ကာ လက်နက်ကိုင်၍ လမ်းကြိုလမ်းကြားသွားနေလေသည်။

ထိုသို့ သွားနေစဉ် မိမိနှင့် မျက်နှာချင်းဆိုင်မှလာကြသော လူတစုနှင့် တွေ့မိရာ ထိုလူများက ဟေ့-ရှေ့ကလာတာ ဘယ်သူလဲ၊-ဟုမေး၏။ မင်းကြီးက-ကျွန်တော် ညလူပါ-ဟုဖြေ၏။ သူခိုးများက တယောက်တည်းလား၊ အများနဲ့လား၊ ဟုမေးရာ မင်းကြီးက မခိုးတတ်၊ ခိုးတတ်ဆိုတော့ တယောက်တည်းပါပဲ-ဟုဖြေပြီးလျှင် ဆရာတို့လက်ခံရင် တပည့်အဖြစ် လိုက်လိုပါတယ်-ဟု ပြော၏။ သူခိုးအုပ်စုက လက်ခံသဖြင့် လိုက်သွားရ၏။ မြို့ပြင်ရှိ ပုရောဟိတ်ဟောင်း၏ တဲအနီး သစ်ပင်အောက်တွင် အချိန်ကို ငံ့လင့်ကာ စောင့်ဆိုင်းနေကြသည်။

ထိုစဉ် ပုရောဟိတ်ဟောင်း အမတ်ကြီးလည်း တဲမှထွက်ကာ ကောင်းကင်နက္ခတ်ကို ကြည့်ပြီးလျှင် သူ၏ဇနီးအား ဤသို့ပြော၏။ ရှင်မရေ ငါတို့ဘုရင်ဟာ ခိုးသူတွေလက်ထဲ ရောက်နေခဲ့တယ်။ သို့ပေမဲ့ စိုးရိမ်စရာမရှိပါ။ သုံးနာရီအကြာမှာ ခိုးသူတွေ လက်ထဲက လွတ်မှာပဲ-ဟု ပြော၏။ ထိုအခါ ဇနီးက ရှင်ဟာ အမှတ်သည်းခြေ မရှိဘူး၊ ရှင်ဘုရင်က ရာထူးချထားလို့ ကျွန်မတို့ မြို့ပြင်မှာ တဲပုတ်နဲ့ နေနေရတယ်။ အခု ရှင်ပြောတဲ့စကား မင်းကြီးနားရောက်သွားရင် ရှင်တော့ အသတ်ခံရတော့မှာပဲ-ဟု ပြောရာ ပုရောဟိတ်ဟောင်းက ရှင်မရယ်-ဒီလိုမပြောပါနဲ့၊ ခုလို ဆင်းရဲစွာ နေရတာ ဘ၀ါဘ၀က ပြုခဲ့တဲ့ မကောင်းမှုကံကြောင့်ပါ။ မင်းကြီးရဲ့ ကျေးဇူးသစ္စာကို စောင့်သိရမယ်။ တို့ကိုမသတ်ဘဲ ထားတာကို များစွာကျေးဇူးတင်ရမယ်။ မင်းကြီးရဲ့ ဘုန်းရိပ်၊ ကံရိပ်ကြောင့် တို့ဆင်းရဲပေမယ့် အေးအေးချမ်းချမ်း နေရတယ်။ ဒါကြောင့် မင်းကြီးအပေါ် သစ္စာရှိရမယ်-ဟု ပြော၏။

ဘုရင်ကြီးလည်း ထိုစကားများကို ကြားသိရလျှင် ငါ ပုရောဟိတ်ကြီးကို ရာထူးချမိတာ မှားသွားလေပြီ-ဟု သတိသံဝေဂရ၍ စိတ်မချမ်းမသာ ဖြစ်မိသည်။ အချိန်ကျလျှင် ခိုးသူတို့လည်း တိုက်တခုကိုဝင်ရောက် ခိုးယူကြ၍ ဝေစုခွဲကာ အသီးသီး မိမိတို့လိုရာ သွားကြ၏။ ဘုရင်ကြီးလည်း ထိုက်တန်သည့် ဝေစုရကာ နန်းတော်သို့ ပြန်လာခဲ့၏။ နောက်တနေ့ ညီလာခံသဘင်၌ မင်းကြီးက အသစ်ခန့်ထားသော ပုရောဟိတ်အား ညက-နက္ခတ်တာရာများကို ကြည့်ပါရဲ့လား-ဟု မေး၏။ ပုရောဟိတ်အသစ်က ညက-နက္ခတ်တာရာများကို ကြည့်ပါတယ်။ တိုင်းပြည် ၀ပြောသာယာပြီး မင်းကြီးလဲ ဘုန်းတန်ခိုး တိုးတက်ပါလိမ့်မယ်-ဟု လျှောက်ထား၏။ မင်းကြီးက ပုရောဟိတ်အသစ် လျှောက်တင်ချက်ကို မှတ်ထားလိုက်၏။ ထို့နောက် မင်းချင်းတယောက်ကို စေလွှတ်၍ မြို့ပြင်မှ ပုရောဟိတ်ဟောင်းကို ခေါ်စေ၏။

ပုရောဟိတ်ဟောင်း၏ ဇနီးက မင်းကြီးထံမှ အခေါ်လွှတ်ကြောင်း သိရသော် ၄င်း၏ခင်ပွန်းအား ကျွန်မ မပြောဘူးလား၊ ရှင် ညက ပြောတာကြောင့် မင်းပြစ် မင်းဒဏ် သင့်တော့မယ်-ဟု ငိုယိုပြောဆို၏။ ထိုအခါ ပုရောဟိတ်ကြီးက ရှင်မရယ် အခေါ်လွှတ်ရုံနဲ့ မင်းပြစ် မင်းဒဏ် သင့်ရမှာလား၊ ကျုပ်ကို ဒဏ်ခတ်ချင်ရင် လက်မရွံ့အာဏာသားတွေနဲ့ ခေါ်မှာ၊ မပူပါနဲ့-ဟု ပြော၍ နန်းတော်သို့ လိုက်သွားလေ၏။

မင်းကြီးက ညက-ကောင်းကင်နက္ခတ်များ ကြည့်မိသလား၊ ဘယ်လိုနိမိတ်များ မြင်ပါသလဲ-ဟုမေးရာ ပုရောဟိတ်ဟောင်းက ညက-ကောင်းကင်နက္ခတ်များကို ကြည့်ပါတယ်။ မင်းကြီးဟာ ခိုးသူများလက်ထဲကို ခေတ္တမျှ ကျရောက်နေတာကို တွေ့ရပါတယ်။ သို့ပေမဲ့ သုံးနာခန့်ကြာရှိတော့ ခိုးသူများထံမှ လွတ်မြောက်ခဲ့ပါတယ်-ဟု လျှောက်တင်၏။ ထိုအခါ မင်းကြီးက ပုရောဟိတ်ဟောင်း ပြောတာနဲ့ ညက ငါကိုယ်တော်ဖြစ်ခဲ့တာ တထပ်တည်းပဲ။ အံကိုက်ပဲ။ ပုရောဟိတ်ဟောင်းကြီးက ငါ့အပေါ်မှာ သစ္စာရှိတယ်။ ကျေးဇူးတရားကို သိတတ်တယ်။ ပြုနေကျဝတ္တရားကို မပျက်မကွက် ပြုပေတယ်-ဟု ပြောဆိုပြီးလျှင် လိမ်လည်ပြောဆိုသည့် ပုရောဟိတ်အသစ်ကို ရာထူးမှချ၍ ပုရောဟိတ်ဟောင်းအား ရာထူးဌာနန္တရ စည်းစိမ်ဥစ္စာတို့ကို ပြန်လည်ပေးအပ်ပြီး ချီးမြှောက်လေသည်။
အကိုး။ နာနာဆန္ဒဇာတ်တော်ကို မှီးပါသည်။

သူတော်ကောင်းနှင့် ပေါင်းဖော်ရသော အကျိုး

ကဿပမြတ်စွာဘုရား လက်ထက်တော်အခါက သောတာပန်တည်ပြီးသော အရိယာပုဂ္ဂိုလ်တဦးနှင့် ဆတ္တာသည်တဦးတို့သည် လှေအတူစီး၍ ခရီးထွက်ခဲ့ကြသည်။ ခရီးမထွက်ခင် ဆတ္တာသည်၏ဇနီးက သူ့ခင်ပွန်းကို စောင့်ရှောက်ပါရန် သောတာပန်ပုဂ္ဂိုလ်ထံ ပြောဆိုအပ်နှံလိုက်သည်။

ခရီးထွက်၍ ခုနစ်ရက်မြောက်သောနေ့တွင် သမုဒ္ဒရာအလယ်၌ လှေပျက်သောဒုက္ခနှင့် ကြုံကြရသည်။ ထိုအခါ သူတို့နှစ်ယောက် ပျဉ်တချပ်ကိုတွယ်ကပ်ပြီး လိုက်ပါသွားရာ ကျွန်းတကျွန်းသို့ ရောက်ရှိကြသည်။ ထိုကျွန်းပေါ်တွင် ဆတ္တာသည်က ကျေးငှက်တိရစ္ဆာန်တို့ကို သတ်ဖြတ်၍ စားသောက်သည်။ သောတာပန်ပုဂ္ဂိုလ်ကိုလည်း ငှက်သားတို့ကို ပေးသည်။ သောတာပန်ပုဂ္ဂိုလ်က လက်မခံပေ။

သောတာပန်ပုဂ္ဂိုလ်သည် ကျွန်းပေါ်၌ သရဏဂုံသုံးပါးကိုသာ အဖန်ဖန်အထပ်ထပ် ဆင်ခြင်အောက်မေ့နေသည်။ ဤကုသိုလ်ကံ စေတနာကြောင့် သမုဒ္ဒရာစောင့်နတ်မင်းနှင့် နဂါးမင်းတို့သည် သောတာပန်ပုဂ္ဂိုလ်ကို ကယ်တင်ရန် နဂါးမင်းက လှေကြီးသဏ္ဍာန်ဖတ်ဆင်းပြီး နတ်မင်းက လှေသမားဟန် ဖန်ဆင်း၍ ရောက်ရှိလာကြသည်။ ရတနာတွေလည်း တင်ဆောင်လာသည်။ ထိုပုဂ္ဂိုလ်အနားသို့ရောက်သော်-ဇမ္ဗူဒိပ်ကျွန်းသို့ သွားမည်သူရှိပါသလား-ဟု လှေသမားဟန် ဖန်ဆင်းထားသောနတ်က ကြွေးကြော်၍ အသံပေးလေသည်။ သောတာပန်ပုဂ္ဂိုလ်က အကျွန်ူပ် သွားလိုပါတယ်-ဟု ပြောသောအခါ လှေကြီးကို ရပ်ပေးသည်။

ဤတွင် သောတာပန်ပုဂ္ဂိုလ်က ဆတ္တာသည်ကိုပါ ခေါ်ခဲ့ပါရန် ခွင့်ပန်ပြောဆိုသည်။ ထိုအခါ လှေဦးစီးက ဆတ္တာသည်မှာ အကျင့်သီလမရှိသောကြောင့် မခေါ်နိုင်ပါ၊ ကျွန်ုပ်တို့လှေသည်ကား အကျင့်သီလရှိသူကိုသာ ခေါ်ခြင်းပြုပါသည်။ ဤသို့ဆိုလျှင် ကျွန်ုပ်ပြုသော ကုသိုလ်အဖို့ကို ဆတ္တာသည်အား အမျှဝေလျှင် ခေါ်ခွင့်ပြုမည်လား-ဟု သောတာပန်ပုဂ္ဂိုလ်က ပြောဆိုသည်။ အမျှဝေ၍ သာဓုခေါ်ရင်တော့ ခေါ်ခွင့်ပြုပါမည်။

ထိုအခါ သောတာပန်ပုဂ္ဂိုလ်က သူ၏ကုသိုလ်အဖို့ကို ဆတ္တာသည်အား အမျှပေးဝေလိုက်သည်။ ဆတ္တာသည်ကလည်း ၀မ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ်ခေါ်ဆိုလိုက်သည်။ ဤသို့ အမျှကုသိုလ်ရပြီးသောအခါ ထိုပုဂ္ဂိုလ်နှစ်ဦးတို့ကို သူတို့နေထိုင်ရာ ဗာရာဏသီပြည်အရောက် ပို့ဆောင်ပေးလေသည်။ ရတနာတို့ကိုလည်း ပေးသည်။ ဗာရာဏသီပြည်ရောက်သောအခါ သမုဒ္ဒရာစောင့်နတ်မင်းနှင့် နဂါးမင်းတို့က ကိုယ်ထင်ရှားပြ၍ ဆတ္တာသည်အား သူတော်ကောင်းနှင့် ပေါင်းဖော်ပါ။ အကျင့်သီလမြဲပါ။ သင်ကား အခု သူတော်ကောင်းနှင့် ပေါင်းဖော်၍ အသက်ချမ်းသာသည်။ ဥစ္စာရတနာများလည်း ရသည်-ဟု ဆုံးမပြောဆို၍ သူတို့နေထိုင်ရာ သမုဒ္ဒရာသို့ ပြန်သွားကြလေသည်။
အကိုး။ သီလာနိသံသဇာတ်။

မမေ့မလျော့ ပြုလုပ်ရမည့် တရားများ

ရှေးအခါက ဇနသန္ဓအမည်ရှိသော မင်းတပါးသည် ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရားနှင့်အညီ စိုးစံအုပ်ချုပ်တော်မူ၏။ ထိုမင်းသည် လစဉ် လပြည့်နေ့ရောက်တိုင်း ဥပုသ်သီလ ဆောက်တည်၏။ တိုင်းသူပြည်သားတို့ကိုလည်း လစဉ် တလလျှင် နှစ်ကြိမ် နန်းရင်ပြင်၌ စုရုံးစေ၍ နောင်တ ၁၀-မျိုး မဖြစ်ကြရအောင် ယခုအခါကပင် မမေ့မလျော့ကြပဲ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် တိုက်တွန်းစကား ပြောကြားဆုံးမလေ့ရှိ၏။

တိုင်းသူပြည်သားတို့သည်လည်း မင်းကြီး၏စကားကို လိုက်နာ၍ မကောင်းမှုဟူသမျှ မပြုလုပ်ကြဘဲ ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်၍ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ကြသဖြင့် ထိုမင်းလက်ထက်တွင် အချုပ်ထောင်များကို ဟင်းလင်းဖွင့်ထားရသည်။ အမှုအခင်းဖြစ်ပွားသူ မရှိသောကြောင့်လည်း တရားရုံများကို ပိတ်ထားရသည်။ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ အားထုတ်ကြသောကြောင့် ကွယ်လွန်သောအခါ၌လည်း နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။

နောင်တ ၁၀-မျိုးကား
၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်ခဲ့မိလေခြင်း။
၂။ ဥစ္စာပစ္စည်း မစုဆောင်းမိခဲ့လေခြင်း။
၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတပါး၏ အသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတပါး သားမယားကို ပြစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားခဲ့မိလေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း တို့ ဖြစ်သည်။
အကိုး။ ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်။

No comments:

Post a Comment