Thursday, September 26, 2013

သံသရာခရီးသည်နှင့် လှေသူကြီး ဖျင်း

သူငါကအစ ရှိရှိသမျှ ပုပုရွရွ သတ္တ၀ါအနန္တဖြစ်သော သံသရာခရီးသည်တို့သည် အစမထင်သော အနမတဂ္ဂ သံသရာရေယဉ်ကြောဝယ် အစဉ်မပြတ် မျောပါနေကြရသောကြောင့် ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနဲ့ လွဲချော်လာခဲ့ကြသည်။ ထိုသို့ လွဲချော်လာကြပုံကို လယ်တီဆရာတော်ဘုရားကြီးက လှေသူကြီးဖျင်း-ပုံပြင်ဖြင့် ဥပမာပြ၍ ရှေးဦးစွာ ဟောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်မြို့ ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက်ကြီး၏ ပထမဦးဆုံးသော ပဓာန မဟာနာယက ဖြစ်တော်မူသည့် ဆရာတော်ကြီး ဦးဂန္ဓမာ-က ထပ်ဆင့်၍ ဟောကြားခဲ့ပါသည်။ ပုံပြင်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

တရံရောအခါက အထက်အညာဒေသတွင် ပညာဉာဏ် ဗဟုသုတ သေးနုပ်သိမ်ဖျင်းသော လှေသူကြီး (လှေပိုင်ရှင်) ဖျင်း တဦး ရှိခဲ့ပါသည်။ ထိုလှေသူကြီးဖျင်းသည် လှေမှု-ဟု ဆိုအပ်သော လှေပဲ့မှု၊ လှေလှော်ခတ်မှု၊ ထိုးဝါးထိုးမှု၊ စသည်တို့၌ နားမလည်သည့်ပြင် ရေစီးရေဆန်၊ ရေ၀ဲရေတိမ်၊ စဉ်းတိမ်သောင်စ၊ သဲပွက်ဝဲမှော်၊ စသော ရေမှုများကိုလည်း နားမလည်၊ မကျွန်းကျင်ခဲ့ပေ။

ထိုသူကြီးဖျင်းသည် သူကဲ့သို့ပင် လှေမှုနှင့် ရေမှုတို့ကို နားမလည်၊ မကျွမ်းကျင်သော လှေထိုးသားတို့ကို ခေါ်ယူ ငှါးရမ်းပြီးလျှင် ရောင်းဝယ်ဖောက်ကားရန်အတွက် ကုန်စည်အမျိုးမျိုးတို့ကို လှေနှင့်အပြည့် တင်ဆောင်ကာ ဗန်းမော်မြို့မှ ရန်ကုန်မြို့အထိ စုန်ဆင်းမည်ဟု ရည်ရွယ်လျက် ခရီးစတင်ခဲ့ပါသည်။

ခရီးလမ်းစဉ်တလျှောက်ရှိ ရွှေကူမြို့၊ ကသာမြို့၊ ထီးချိုင့်မြို့၊ သပိတ်ကျင်းမြို့၊ ကျောက်မြောင်းမြို့၊ မန္တလေးမြို့ စသော မြို့များသို့ ၀င်ရောက်ပြီးလျှင် ရောင်းချသင့်သော ကုန်တို့ကို ရောင်းချ၍ ၀ယ်ယူသင့်သော ကုန်တို့ကို ၀ယ်ယူ တင်ဆောင်ခဲ့ရန် ရည်ရွယ်ခဲ့လေသည်။ သို့သော် သူဆိုက်ကပ်လိုသော မြို့သို့ရောက်သဖြင့် ဆိုက်ကပ်မည် ပြုရာတွင် လှေမှုနှင့် ရေမှုကို နားမလည်သောကြောင့် မဆိုက်ကပ်နိုင်ဘဲ မျောပါလွဲချော်ခဲ့ရလေသည်။

ရံဖန်ရံခါတွင် ဆိုက်ကပ်လိုသောမြို့များသို့ ရောက်ရှိခဲ့သည်။ ၀ဲတွေ၊ ရေစီး၊ ရေမှော်တွေများလှသဖြင့် မဆိုက်ကပ်နိုင်ဘဲ မျောပါလွဲချော်ခဲ့ရပြန်လေသည်။
ရံဖန်ရံခါတွင် ဆိုက်ကပ်လိုသော မြို့များသို့ ညဥ့်အခါ၌ ရောက်ရှိသည်။ မှောင်မိုက်နေသောကြောင့် မြို့ဆိပ်ကမ်းသို့ ရောက်မှန်းမသိဘဲ လွဲချော်ရပြန်လေသည်။

မန္တလေးမြို့ကြီးသို့ မဆိုက်ကပ်နိုင်ဘဲ လွဲချော်လာခဲ့ရာ မြေလတ်ဒေသ၌ ရှိသော မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး၊ စလေ၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ သရက်၊ ပြည် စသော မြို့ကြီးများသို့ ၀င်ရောက်ဆိုက်ကပ်ရန် ရည်ရွယ်ပြန်သည်။ သို့သော်လည်း ယခင်နည်းအတိုင်းပင် အမျိုးမျိုးသော လွဲချော်မှုတွေနှင့် ကြုံတွေ့၍ မဆိုက်ကပ်နိုင်ဘဲ လွဲချော်ခဲ့ရပြန်လေသည်။

ဟင်္သာတမြို့၏ အောက်သို့ကျရောက်သော ကာလတွင်မူ ချောင်းပေါက်တွေကလည်း အလွန်ပေါများသည်က တကြောင်း။ သင်္ဘောကြီး သင်္ဘောငယ်နှင့် တုံကင်းကြီးတို့၏ အသွားအလာ အ၀င်အထွက်ကလည်း များပြားရှုပ်ထွေးသည်က တကြောင်း၊ အညာဒေသမှ လှေသူကြီးဖြစ်၍ ဒီရေအတက်အကျကို နားမလည်၊ မကျွမ်းကျင်သည်က တကြောင်းတို့ကြောင့် မိမိဆိုက်ကပ်ရန် ရည်ရွယ်ရင်းဖြစ်သည့် ရန်ကုန်မြို့သို့ မဆိုက်ကပ်နိုင်ပြန်တော့ပေ။ ဒီရေအကျတွင် ပင်လယ်ဝသို့ မျောပါသွား၍ လှိုင်းလေမိပြီးလျှင် လူရောလှေပါ နစ်မြုပ်ပျက်စီးဆုံးရှုံးရှာလေတော့သည်။

အထက်ပါ ပုံပြင် ဥပမာအတိုင်းပင် သံသရာခရီးသည်တို့သည်လည်း ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနဲ့ အကြိမ်ကြိမ် အဖန်ဖန် လွဲချော်ခဲ့ကြပုံမှာ-
(၁) ရံဖန်ရံခါ မြတ်စွာဘုရားတဆူ ပွင့်တော်မူနေချိန်တွင် အပါယ်လေးဘုံမှာ ကျရောက်နေ၍ လွဲချော်ရသည်။
(၂) ရံဖန်ရံခါ အသညသတ်ဗြဟ္မာကြီး ဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၃) ရံဖန်ရံခါ ရုပ်မရှိသော အရူပဗြဟ္မာကြီး ဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၄) ရံဖန်ရံခါ ဇမ္ဗူဒီပါကျွန်းနှင့် အလှမ်းဝေးကွာသော စကြာဝဠာတပါးမှာ လူဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၅) ရံဖန်ရံခါ မိစ္ဆာဒိဋ္ဌိဝင်ဖြစ်နေ၍ ဘုရားကိုပြစ်မှား၍ လွဲချော်ရပြန်သည်။
(၆) ရံဖန်ရံခါ ဒေ၀ဒတ်၊ စိဉ္စမာဏ၊ မာဂဏ္ဍီတို့ကဲ့သို့ ဘုရား၏ ရန်သူကြီးတွေ ဖြစ်၍ လွဲချော်ရပြန်သည်။
(၇) ရံဖန်ရံခါ မြတ်စွာဘုရားနှင့် ရင်းရင်းနှီးနှီး တွေ့ကြုံ လျှောက်ထားခွင့် ရပါသော်လည်း မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနှင့် ကာမဂုဏ်နောက်သို့ လိုက်စား အားကြီးမိသောကြောင့် သောသလမင်းကြီးတို့ကဲ့သို့ လွဲချော်ရပြန်သည်။
(၈) ရံဖန်ရံခါ မိမိအနီးတွင် ဘုရားတွေ ပွင့်နေသော်လည်း ပဋိသန္ဓေအားဖြင့် မျက်စိကန်း၊ နားပင်း၊ ဉာဏ်ထိုင်း၊ အဆွံ့၊ အအ၊ ဖြစ်နေ၍ လွဲချော်ရပြန်လေသည်။
(၉) ရံဖန်ရံခါ မြတ်စွာဘုရား မပွင့်သော သုညကမ္ဘာများတွင် လူဖြစ်ရ၍ လွဲချော်ရပြန်ပါသည်။

ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင်တို့နှင့် လွဲချော်၍ ၃၁-ဘုံ၌သာ အထူးသဖြင့် အပါယ် ၄-ဘုံ၌သာ ကျင်လည်နေကြရကုန်သည်။
အထက်ပါ လှေသူကြီး ဖျင်းသည် ပင်လယ်ရေယဉ်ကြောတွင် မျောပါနစ်မြုပ်သွားသကဲ့သို့ သံသရာရေယဉ် ကြောတွင် မမျောပါ မနစ်မြုပ်ကြရလေအောင် တရားအားထုတ်နေကြသော ယောဂီများသည်လည်း ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနှင့် ကြုံကြိုက်တုန်းအခါတွင် ပြည်နိဗ္ဗာန် ကမ်းတဘက်သို့ အမြန်ဆုံး လှမ်းတက်နိုင်ကြစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ကြကုန်ရာသတည်း။

( ပင်လုံခွန်)
( မြတ်မင်္ဂလာ ၂၀၀၄-ခု နိုဝင်ဘာလ)

မိအေး လေးခါနာ

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက မကြခဏ မိန့်ကြားသော စကားတော်တခွန်းမှာ-
မောဃံ ကာလံ န ခေပယေ။
မောဃံ ကာလံ-စားကာ အိပ်ကာ ပျော်ရွှင်ကာဖြင့် လိုရာမေးပြီး ခရီးမလှ အချည်းနှီးသောအချိန်ကာလကို။
န ခေပယေ-မကုန်မခန်း မကျွမ်းစေရာ-ဟု ဖြစ်ပါသည်။

အချည်းနှီးသော အချိန်ကာလ ဟူသည်မှာ ကိုယ့်ကိစ္စ ဆောင်ရွက်ရသော အချိန်မဟုတ်၊ သူများကိစ္စကိုသာ ဆောင်ရွက်ပေးရသော အချိန်ကို ဆိုလိုပါသည်။ ကိုယ့်ကိစ္စဟူသည်မှာ နေက်တဖန် မအို မနာ မသေ ပဋိသန္ဓေ မနေရအောင် ကျင့်ကြံအားထုတ်ရမည့် ကိစ္စကို ဆိုလိုပါသည်။

ကိုယ့်ကိစ္စကိုယ် မဆောင်ရွက်မိသောကြောင့် ဒုက္ခရောက်နစ်မွန်းခဲ့ရပုံကို မိအေး လေးခါနာ-ပုံပြင်ဖြင့် မိုးညှင်းဆရာတော်ဘုရားကြီးက ရန်ကုန်မြို့ မိုင်တာကွင်း တရားပွဲတွင် ပထမဦးစွာ စတင် ဟောကြားခဲ့ပါသည်။ ထိုပုံပြင်ကိုပင် ဟံသာဝတီ ကမ္မာဋ္ဌာန်း ပထမဆရာတော် ဘုရားကြီး ဦးဂန္ဓမာ က ထပ်ဆင့်ဟောကြားခဲ့ပါသည်။ ပုံပြင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တရံရောအခါက ရွာတရွာတွင် မိအေး-ဟုခေါ်သော အမျိုးသမီးတယောက် ရှိခဲ့ပါသည်။ မိအေးသည် နွားတကောင်ကို တန်ဖိုးကြီးကြီးပေး၍ ၀ယ်ယူလိုက်ပါသည်။ တန်ဖိုးကြီးကြီးပေးလိုက်ရသောကြောင့် မိအေးတယောက် ပထမဦးစွာ နစ်နာခဲ့သည်ဟု ဆိုရပါမည်။

တန်ဖိုးကြီးသောနွား ဖြစ်သောကြောင့် အခြားသူများနွားကဲ့သို့ ကွင်းပြင်မှာ လွှတ်ပြီး မကျောင်းဝံ့ပေ။ အစာရေစာတို့ကို မကောင်းကောင်းအောင် ရှာကြံ၍ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ ကျွေးမွေးရပါသည်။ မိအေး ဒုတိယအကြိမ် နစ်နာပြန်ပါသည်။

ဤကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ မကောင်းကောင်းအောင် ရှာကြံကျွေးမွေးနေရသော်လည်း နွားကို မိမိကိုယ်တိုင် မိမိကိစ္စအတွက် မခိုင်းစေရဘဲ မိမိရန်သူက ယူဆောင်ခိုင်းစေနေပါတော့သည်။ မိအေး တတိယအကြိမ် နစ်နာပြန်ပါတော့သည်။

ရန်သူက ခိုင်းပြီးသောအခါ နွားကို မိအေးထံ ပြန်မပို့တော့ဘဲ တိရစ္ဆာန်ထောင်ထဲသို့ ချထားလိုက်ပါတော့သည်။ သည်တကြိမ်တွင်တော့ မိအေး နာလန်မထူနိုင်အောင် နစ်နာသွားပါတော့သည်။ စတုတ္ထအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် အနစ်နာကြီး နစ်နာသွားပါတော့သည်။

ထိုပုံပြင်၏ အနက်အဓိပ္ပါယ်ကို ဆရာတော်ဘုရားကြီးများက အောက်ပါအတိုင်း ထင်ဟပ်ဖွင့်ဆိုလျက် မိန့်ကြားခဲ့ကြပါသည်။

လူ့လောကမှာရှိသည့် လူများသည် လူ့ဘ၀အဖြစ်ကို ရရှိအောင် တန်ဖိုးကြီးကြီး ပေးသည့်အနေဖြင့် ဒါန၊ သီလ၊ ဘာဝနာတရားများကို တစိုက်မတ်မတ် ကျင့်ကြံအားထုတ်ခဲ့ရပါသည်။ အိပ်ကာ စားကာ ပျော်ရွှင်ကာနှင့် အချည်းနှီးအလကား မနေခဲ့ရပါ။ လူ့ဘ၀ ရအောင် တန်ဖိုးကြီးကြီး ပေးခဲ့ကြရပါသည်။ တနည်းအားဖြင့် အနစ်နာခံခဲ့ရပါသည်။

လူ့ဘ၀ကို ရောက်ပြန်သောအခါ လူ့အဖိုးတန်ဖြစ်ရန် စားဝတ်နေရေး ကျန်းမာရေးအတွက် အခြားလူများထက် သာလွန်အောင် ပင်ပန်းကြီးစွာ ရှာဖွေစုဆောင်း စွမ်းဆောင်ရပြန်ပါသည်။ မကောင်းကောင်းအောင် စီစဉ်ဆောင်ရွက်သဖြင့် ဖတ်ဖတ်မောအောင် နစ်နာခဲ့ပြန်ပါသည်။ ဒုတိယအကြိမ် နစ်နာခြင်း ဖြစ်ပါသည်။

ထိုသို့နစ်နာနေသော်လည်း မိမိကိစ္စကိုကားမဆောင်ရွက်ရပါ။
ဒါနပြုပါဆိုလျှင် မရှိသေးလို့
သီလဆောက်တည်ပါဆိုလျှင် မအားသေးလို့
ဘာဝနာပွားပါဆိုလျှင် မခင်သာသေးလို့-ဟု ငြင်းပယ်နေပါသည်။
မြတ်စွာဘုရား လက်ထက်တော်အခါက ကျောင်းအမကြီး ၀ိသာခါ ပြောသကဲ့သို့ အဟောင်းစား-သာ ဖြစ်ခဲ့ပါသည်။

တဏှာရန်သူက ခိုင်းစေပါက ခြွေရံလင်မယား သမီးသားနှင့် စီးပွားအာရုံ ကာမဂုဏ်တို့အတွက် နေပူမရှောင် မိုးရွာမရှောင် ညဥ့်နက်သန်းခေါင်မရှောင် လင်းအားကြီးမရှောင် မြွေမကြောက် ကင်းမကြောက် ကျားမကြောက် ဆင်မကြောက် ဘေးအန္တရာယ်ဟူသမျှမကြောက် ဒရောသောပါး အပြေးအလွှား ဖတ်ဖတ်မောအောင် ဆောင်ရွက်ရပါသည်။ တဏှာရန်သူက ခိုင်းစေသောအခါ မဆိုင်းမတွ အားပါးတရ လုပ်ဆောင်ပေးရခြင်းသည် တတိယအကြိမ် နစ်နာခြင်းဖြစ်ပါသည်။

ဤသို့ တဏှာရန်သူက အခိုင်းခံရလျက် အခြားသူများ၏ အလုပ်ကိုသာ ကျေးကျွန်သဖွယ် လုပ်နေရသော သူကို နောက်ဆုံးတွင် မိအေး၏ နွားတိရစ္ဆာန်ထောင်ထဲသို့ အချခံလိုက်ရသကဲ့သို့ အပါယ်သံသရာသို့သာ အချခံလိုက်ရပြီ ဆိုကတည်းက မျှော်လင့်ဖွယ်ရာ မရှိလောက်အောင် နစ်မွန်းသွားပါတော့သည်။

လူ့ဘ၀သို့ ခေတ္တခဏ ဧည့်သည်အဖြစ်ရောက်ရှိလာသူသည် မိမိ၏ အမြဲတမ်းနေအိမ်ဖြစ်သည့် အပါယ်ဘုံသို့သာ ပြန်လည်ရောက်ရှိသွားပါတော့သည်။
ဤကဲ့သို့ အပါယ်သံသရာသို့ အချခံလိုက်ရခြင်းသည် စတုတ္ထနှင့် နောက်ဆုံးအကြိမ်အဖြစ် အနစ်နာကြီး နစ်နာခြင်းဖြစ်ကြောင်းကို ဆရာတော်ဘုရားကြီးများက ဟောကြားဆုံးမတော်မူခဲ့ကြပါတော့သည်။

ထို့ကြောင့် တရားအားထုတ်နေကြသော ယောဂီများသည်လည်း အပါယ်သံသရာသို့ နောက်တဖန် ပြန်လည်မရောက်ရှိရလေအောင် လူ့ဘ၀ ရတုန်းရခိုက်တွင် အချိန်ရှိခိုက် လုံ့လစိုက်လျက် ဒါန သီလ ဘာဝနာ တရားများကို ကျင့်ကြံကြိုးကုတ် အားထုတ်ဆောင်ရွက်ကြရမည်သာ ဖြစ်ပါတော့သည်။

( ပင်လုံခွန် )

မြွေဆေးဆရာကြီးနှင့် မြွေကိုက်ခံရသော လူနာ

ရန်ကုန်မြို့ ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက်ကြီး၏ ပထမဦးဆုံးသော ပဓာန မဟာနာယက၊ ရှမ်းရွာ စင်ပြွမ်းကုန်း ဆရာတော်ဘုရားကြီး ဦးဂန္ဓမာ-က လူတို့၏ ၀ိပဿနာဉာဏ်အမြင် အဆင့်ဆင့်တိုးတက်လာပုံကို မြွေဆေးအတတ်၌ ကျွမ်းကျင်သော မြွေဆေးဆရာကြီးက မြွေကိုက်ခံရသော လူနာအား ကုသပုံ ဥပမာ ပုံပြင်ဖြင့် ဟောကြားခဲ့ပါသည်။ ပုံပြင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တရံရောအခါ ရွာကြီးတရွာတွင်မြွေဆေးကုအတတ်၌ ကျွမ်းကျင်လိမ္မာသော မြွေဆေးဆရာကြီးတဦး ရှိသည်။ တနေ့သောအခါ ခြေမနှင့် ခြေညှိုးကြား၊ ထို စိုးရိမ်စရာ အကောင်းဆုံးနေရာကိုမှ မြွေကိုက်ခံလိုက်ရသော လူနာတဦးအတွက် လူနာရှင်များက မြွေဆေးဆရာကြီးကို လာရောက်ပင့်ဆောင်ကြသည်။

ဆရာကြီးက လူနာအိမ်သို့ လိုက်ပါကြည့်ရှုရာ လူနာမှာ လူမှန်းမသိ၊ သူမှန်းမသိ၊ သတိလစ်နေသည်၊ အသက်ရှူလည်း ရပ်နေသည်။ လူသေကောင်ကဲ့သို့ ဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ ဆရာကြီးက ပထမဦးဆုံး ကုသခြင်းအနေဖြင့် ကုသလိုက်ရာ လူနာသည် အသက်ရှူလာသည်။ ထိုအခါ လူနားရှင်များက-

ဆရာကြီး၊ လူနာ အသက်ရှူလာပြီ-ဟု အားပါးတရ ပြောကြသည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး။ မင်းတို့လူနာ အသက်ရှူရုံသာ ရှူသေးတာ။ မြွေဆိပ်တွေက ဘယ်ကမှ မကျသေးလို့ စိုးရိမ်ရသေးတယ်-ဟု ပြောဆိုလိုက်သည်။

ဆရာကြီးက ဒုတိယအကြိမ် ဆက်လက်ကုသလိုက်ပြန်ရာ လူနာမှာ လူးလိမ့်လာသည်။ ထိုအခါ လူနာရှင်များက-
ဆရာကြီး လူနာ လူးလိမ့်လာပြီ-ဟု ၀မ်းသာအားရ ပြောကြားကြပြန်သည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး၊ မင်းတို့လူနာ လူးလိမ့်ရုံသာ လူးလိမ့်နိုင်သေးတာ၊ မြွေဆိပ်တွေ ဘယ်ကမှ မကျသေးလို့ စိတ်မချရသေးဘူး-ဟု ပြောပြန်သည်။

ဆရာကြီးက တတိယအကြိမ် ဆက်လက်ကုသပြန်ရာ လူနာမှာ သတိရလာကာ မျက်စိပွင့်လာသည်။ ထိုအခါ လူနာရှင်များက-
ဆရာကြီး လူနာ သတိရလာပြီ မျက်စိပွင့်လာပြီ-ဟု ၀မ်းပန်းတသာ ပြောကြပြန်သည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး၊ မင်းတို့လူနာ သတိရပြီး မျက်စိပွင့်ရုံသာ ပွင့်သေးတာ၊ မြွေဆိပ်တွေ ဘယ်ကမှ မကျသေးလို့ စိတ်မချရသေးဘူး-ဟု ပြောပြန်ပါသည်။

ဆရာကြီးက စတုတ္ထအကြိမ် ဆက်လက်ကုပြန်ရာ မြွေဆိပ်များ ဦးခေါင်းမှ ခါးသို့တိုင်အောင် ကျဆင်းသွားပါတော့သည်။ ထိုအခါ ဆရာကြီးက-
မင်းတို့လူနာ ဦးခေါင်းက မြွေဆိပ်များ ခါးတိုင်အောင် ကျသွားပါပြီ၊ နည်းနည်းတော့ သက်သာလာပါပြီ။ ဒါပေမဲ့ မြွေဆိပ်တွေ ကျန်သေးလို့ စိတ်မချရသေးဘူး-ဟု ပြောဆိုသည်။

ဆရာကြီးက ပဉ္စမအကြိမ် ဆက်လက်ကုပြန်ရာ ခါးမှ မြွေဆိပ်များ ဒူးဆိပ်သို့တိုင်အောင် ကျဆင်းသွားသည်။ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များ ခါးမှ ဒူးဆစ်တိုင်အောင် ကျဆင်းသွားပါပြီ။ တော်တော်တော့ သက်သာလာပါပြီ။ ဒါပေမဲ့ စိတ်မချရသေးဘူး-ဟု ပြောဆိုပြန်သည်။

ဆရာကြီးကဆဋ္ဌမအကြိမ် ဆက်လက်ကုသလိုက်ပြန်ရာ မြွေဆိပ်များ ဒူးဆစ်မှ ခြေချင်းဝတ်သို့ တိုင်အောင် ကျဆင်းသွားပါတော့သည်။ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များ ဒူးဆစ်မှ ခြေချင်းဝတ်တိုင်အောင် ကျဆင်းသွားပါပြီ။ အသက်ချမ်းသာရာ ရမည့်ဘက်သို့ နီးလာပါပြီ-ဟု ပြောကြားပြန်သည်။

ဆရာကြီးက သတ္တမအကြိမ် ဆက်လက်ကုသရာ ခြေချင်းဝတ်မှ မြွေဆိပ်များ မြွေကိုက်ရာ အနာဝသို့ လျှောကျသွားပါတော့သည်။ ထိုအခါကျမှ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များအားလုံး လျှောကျသွားပြီ။ အသက်ချမ်းသာရာရပြီ။ စိတ်ချရပြီ-ဟု ဆိုပါတော့သည်။ လူနာမှာလည်း ကိုယ်စိတ်နှစ်ဖြာချမ်သာစွာဖြင့် ထထိုင်ပါတော့သည်။

ထိုဥပမာပုံပြင်တွင် မြွေဆိပ်မွှန်၍ သတိလစ်နေသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသောကြောင့် ဘုရား၊ တရား၊ သံဃာမှန်း မသိ၊ ကံ-ကံ၏အကျိုးကို မယုံကြည်သည့် အလွန်သနားစရာ ကောင်းသောသူကို ရည်ညွှန်းပါသည်။

အသက်ရှူလာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိ တို့ လွှမ်းမိုးနေသော်လည်း ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးကို ယုံကြည်သောကြောင့် ဒါနပြု၊ သီလဆောက်တည်နေသူကို ရည်ညွှန်းသည်။

လူးလှိမ်းလာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသော်လည်း သဒ္ဓါတရားနှင့် ပြည့်စုံ၍ ရသေ့၊ ရဟန်းပြုကာ ဓူတင်တရားများ ဆောင်ပြီး ကျင့်ကြံနေသူကို ရည်ညွှန်းသည်။

သတိရ မျက်စိပွင့်လာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသော်လည်း ရုပ်တရား၊ နာမ်တရားများကို မြင်အောင် ဘုရားဂူကျောင်းများတွင် ခိုအောင်းကာ ဘာဝနာတရား အားထုတ်နေသောကြောင့် ရုပ်တရား၊ နာမ်တရားများကို သိမြင်လာသောသူကို ရည်ညွှန်းပါသည်။

ဦးခေါင်းမှ မြွေဆိပ်ခါးသို့ ကျသွားသော လူနာဟူသည်မှာ-
ဘာဝနာတရားများကို ဆက်လက်အားထုတ်သောကြောင့် သောတာပန် ဖြစ်သွားသူကို ရည်ညွှန်းသည်။

ခါးမှ မြွေဆိပ် ဒူးဆစ်သို့ ကျသွားသော လူနာဟူသည်မှာ-
ဘာဝနာတရားများဆက်လက်အားထုတ်သောကြောင့် သကဒါဂါမ် ဖြစ်သွားသူကို ရည်ညွှန်းသည်။

ဒူးဆစ်မှ မြွေဆိပ် ခြေချင်းဝတ်သို့ ကျသွားသော လူနာဟူသည်မှာ-
တရားများ ဆက်လက်အားထုတ်သောကြောင့် အနာဂါမ်ဖြစ်သွားသူကို ရည်ညွှန်းသည်။

ခြေချင်းဝတ်မှ မြွေဆိပ် မြွေကိုက်ရာ အနာဝသို့ရောက်ပြီး မြွေဆိပ်အားလုံး လျှောကျ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသွားသောသူ ဟူသည်မှာ-
အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သွားသောသူကို ရည်ညွှန်းသည်။

အထက်ဖော်ပြပါ မြွေဆေးဆရာကြီးနှင့် မြွေကိုက်ခံရသောလူနာ-ပုံပြင်မှာ စင်ပြွမ်းကုန်းဆရာတော်ဘုရားကြီးက တရားအားထုတ်နေသော ယောဂီများကို ၀ိပဿာနာဉာဏ်အမြင် အဆင့်ဆင့်တိုးတက်စေရန် ကျင့်ကြံအားထုတ်ကြဖို့ တိုက်တွန်းနှိုးဆော်စဉ်က ဥပမာပြသော ပုံပြင်ဖြစ်ပါသည်။
လူနာအခြေအနေ အဆင့်ဆင့် ကောင်းမွန်လာပုံနှင့် ၀ိပဿနာဉာဏ်အမြင် အဆင့်ဆင့် တိုးတက်လာပုံတို့ကို နှိုင်းယှဉ်၍ ဥပမာပြထားပါသည်။

( ပင်လုံခွန်)

ကိုယ်တိုင်လုပ်မှ

တခါတုန်းက အဘိုးအို ဇနီးမောင်နှံမှာ စိုက်ပျိုးပြီး လယ်တွေ ရှိကြသတဲ့။ စပါးပင်တွေက စိမ်းစိမ်းစိုစိုနဲ့ဆိုတော့ ကျေးငှက်မျိုးစုံ လာရောက် ကျက်စားပျော်ပါးကြသတဲ့။ အဲဒီလယ်တွေထဲက လယ်တကွက်မှာ စာဖို စာမ မောင်နှံက အသိုက်အမြုံ လုပ်နေတာပေါ့။ ဒီလိုနဲ့ ငှက်ကလေးများ ပေါက်ဖွားလာကြရော။ စပါးနှံတွေကလဲ တဖြည်းဖြည်း ၀ါဝင်းမှည့်ရင့်လာခဲ့တယ်။ စာဖိုကတော့ တနေကုန် ဟိုပျံလိုက် ဒီပျံလိုက်နဲ့ သွားလာလှုပ်ရှားရင်း အိပ်တန်းတက်ချိန်မှ ပြန်လာတတ်တယ်။

ဒီလိုနဲ့ တနေ့တော့ အဘိုးအိုဇနီးမောင်နှံဟာ ရောက်နေကျအချိန်မှာ လယ်တောကို ရောက်လာကြတယ်။ စပါးနှံတွေကလဲ မှည့်ရင့်ပြီး ညွတ်ကိုင်းလို့။ ဒီတော့ အဘိုးကြီးက အမယ်ကြီးကို -ရှင်မရေ၊ တို့စပါးတွေ ရိတ်မှဖြစ်တော့မယ်။ မှည့်ရင့်နေပြီ-လို့ ပြောလိုက်သတဲ့။ ဒါကို စာမ-က ကြားတော့ အထိတ်တလန့် ဖြစ်တာပေါ့။ စာကလေးတွေနဲ့ ဘယ့်နှယ်လုပ်ရပါ့။ တို့အသိုက်အမြုံလေးတော့ ပျက်စီးတော့မှာပဲပေါ့။

ဒီတော့ ညနေမိုးချုပ် စာဖို ပြန်အလာမှာ ဆီးပြီး ပြောတော့တာပေါ့။ အတွေ့အကြုံရင့်ကျက်တဲ့ စာဖို-ကတော့ လေအေးအေးနဲ့ အရေးမကြီးပါဘူးကွာ၊ မင်းကလဲ စိတ်မပူပါနဲ့၊ ခေါင်းအေးအေး ထားစမ်းပါ-လို့ ပြန်ပြောသတဲ့။

ဒီလိုနဲ့ နောက်တနေ့ ရောက်ပြန်ရော။ အဘိုးအို လင်မယားကလဲ လယ်တောကို ရောက်လာကြပြန်တယ်။ အင်း-စပါးနှံတွေကလဲ မှည့်ရင့်နေပြီ။ မနက်ဖြန် တို့တော့ ကောက်ရိတ်တဲ့သူတွေငှါးပြီး ရိတ်မှဖြစ်တော့မယ်-လို့ အဘိုးအိုက ညည်းလိုက်ပြန်ရော။

ဒီစကားကို စာမ ကြားတော့ စာဖို အပြန်မှာ ဆီးပြီးပြောပြန်ရော။ ဒီမှာ ဒီမှာ၊ နက်ဖြန်ခါ ကောက်ရိတ်တွေကို ငှါးပြီး ရိတ်တော့မှာတဲ့။ ဒီတော့ စာဖိုက ပြန်ပြောလိုက်တယ်။ မင်းကလဲ အရေးမကြီးသေးပါဘူး။ စိတ်မပူစမ်းပါနဲ့-တဲ့။ ဒီလိုနဲ့ တခါပြီးသွားပြန်ရော။

နောက်တနေ့ အဘိုးအိုမောင်နှံ လယ်တောကို ရောက်လာကြပြန်တယ်။ အဘိုးအိုက စပါးနှံတွေ ရင့်မှည့်နေတာကို မြင်တော့ အားမလို အားမရ ဖြစ်လာတယ်။ ဒီတော့ သူက အမယ်ကြီးကို လှမ်းပြောလိုက်တယ်။ ကဲ-ရှင်မ၊ ကောက်ရိတ်သူတွေကလဲ နေ့ရွှေ့ ရက်ရွှေ့နဲ့ ဒီလိုနဲ့ တို့စပါးတွေ ရင့်ပြီး ပျက်စီးကုန်တော့မှာပဲ။ ဒီတော့ တို့ကိုယ်တိုင်ပဲ မနက်ဖြန်ခါတော့ ရိတ်လိုက်ကြစို့ကွယ်-တဲ့။

ဒီစကားကိုလဲ စာမ-က ကြားရပြန်တယ်။ ညနေချိန် စာဖို ပြန်ရောက်လာတော့ ထိတ်ထိတ်ပျာပျာနဲ့ ဆီးပြောလိုက်ပြန်တယ်။
နက်ဖြန်ခါ ကိုယ်တိုင်ရိတ်ကြတော့မယ်-တဲ့။
ဟုတ်လား၊ ဒါဖြင့်ရင် ငါတို့ ကနေ့ညပဲ ပြောင်းကြစို့ရဲ့-ဆိုပြီး စာဖို နဲ့ စာမ ညတွင်းချင်း လယ်တောက ပြောင်းရွှေ့ခဲ့ကြတယ်။
နောက်တနေ့မှာပဲ အဘိုးအို လင်မယားဟာ ကိုယ်တိုင်ပဲ စပါးပင်တွေ ရိတ်လိုက်ကြသတဲ့။ အဲဒီတော့မှပဲ စပါးတွေအကုန်လုံး အပျက်အစီးမရှိ အိမ်က ကျီထဲကို ရောက်တော့သတဲ့။


ပုံပြင်ဆုံးတာနဲ့ ဆရာတော်ကြီးက တပည့်များကို အောက်ပါသြ၀ါဒကို ပေးပါတယ်။
အဲဒီတော့ မင်းတို့ မှတ်ထားကြ။ ကိုယ်ကိုယ်တိုင် မလုပ်လျှင် ဘယ်ကိစ္စမှ ရှောရှောရှူရှူနဲ့ မြန်မြန်ဆန်ဆန် ပြီးမှာ မဟုတ်ဘူး-တဲ့။

(ငါန်းဇွန်-မောင်လွမ်းမွန်)
မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ဟောပြောသော ပုံပြင်။

( မြတ်မင်္ဂလာ ၂၀၀၃-ခု သြဂုတ်လ)

ပုံပြင် ( ၁၇ )

( သီလစောင့်သူ )

အနောမဒဿီမြတ်စွာဘုရားရှင် ပွင့်တော်မူသော အချိန်တွင်ဖြစ်သည်။ စန္ဒ၀တီမြို့တော်ကြီးတွင် မောင်ဖြူစင်-ဟူသော အမျိုးသားကလေးတဦး ရှိသည်။ သူသည် စိတ်ထားဖြူစင်သည်။ ကိုယ် နှုတ် အမူအရာ အလွန်ယဉ်ကျေးသိမ်မွေ့သည်။ သို့သော် သူ့ခမျာ အလွန်ဆင်းရဲနွမ်းပါးရှာသည်။ ချမ်းသာသူများထံတွင် သူခစား လုပ်ရရှာသည်။ အလုပ်တာဝန်ကို စေ့စပ်သေချာစွာ စိတ်ကောင်းထား ဆောင်ရွက်တတ်သဖြင့် အလုပ်ရှင်များက မောင်ဖြူစင်ကို အထူးချစ်ခင်ကြသည်။

သြော်-ငါ့ဘ၀ဟာ အင်မတန်ဆင်းရဲလို့ သူခစားလုပ်နေရတယ်။ ဘုရားရှင်နှင့် သံဃာတော်တွေကို အစွမ်းကုန် လှူဒါန်းပူဇော်ချင်ပေမယ့် ငါ့မှာ ဥစ္စာပစ္စည်း လုံလောက်အောင် မရှိဘူး။ လူသားတွေအချင်းချင်း မေတ္တာအပြည့်နှင့် စွန့်ကြဲကူညီချင်ပေမယ့် ဥစ္စာပစ္စည်းက ရှားပါးလိုက်တာ။ ငါ့ဘ၀မှာ ဘယ်ကောင်းမှုကို အဓိကထားပြီး အနှစ်ထုတ်ယူရပါ့မလဲ။

တရက်တွင် မောင်ဖြူစင်တယောက် လေးနက်စွာ တွေးတောမိသည်။ ဆင်းရဲသော်လည်း ဘ၀၏အနှစ်သာရ အမှန်ဖြစ်သော ကောင်းမှုတခုကို အားစိုက်ထုတ်ယူရန် နည်းလမ်းရှာသည်။
အင်း-အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ တပည့် နိသဘမထေရ်ဟာ အင်မတန်ဉာဏ်ပညာ ကြီးမားတယ်။
အဲဒီ မထေရ်ထံကို သွားရောက်ဖူးမြော် လျှောက်ထားရရင် ငါလိုချင်တဲ့အဖြေကို ရလောက်တယ်။

မောင်ဖြူစင်သည် ထိုသို့ အကြံရပြီးလျှင် နိသဘမထေရ်မြတ်ထံသို့ သွားသည်။ ရိုသေစွာ ရှိခိုးဦးချပြီး မိမိ၏ အကြံကို လျှောက်ထားမေးမြန်းသည်။ ထိုအခါ နိသဘမထေရ်ကလည်း မေတ္တာရှေ့ထားကာ ဖြေကြားပေးသည်။

ဒကာလေး မောင်ဖြူစင်က ပစ္စည်းဥစ္စာ ဆင်းရဲချို့တဲ့တော့ ဒါနဆိုတဲ့ လှူဒါန်း ပေကမ်း စွန့်ကြဲတာကို တအားစိုက် မလုပ်နိုင်ပေဘူးပေါ့။ ဒါပေမယ့် အားငယ်စရာ မရှိပါဘူးကွယ်။ ဒကာလေးမှာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ရှိနေတာပဲ။ ဒကာလေးရဲ့ ခန္ဓာကိုယ်ကို အရင်းအနှီးပြုပြီး သီလကို စောင့်ထိန်းနိုင်တာပေါ့။ ဒီတော့ လူသားတွေ အမြဲရိုသေစွာ စောင့်ထိန်းအပ်လို့ နိစ္စဂရုဓမ္မသီလ-လို့ ခေါ်တဲ့ ငါးပါးသီလကို မြဲမြံစွာ ရာသက်ပန် စောင့်ထိန်းသွားပေါ့။
သီလ ပထမ၊ ဒါန ဒုတိယ-ဆိုတဲ့မူကို လက်ကိုင်ပြုပြီး ဘ၀အနှစ်အဖြစ် ငါးပါးသီလကုသိုလ်ကို အဓိကထား ထုတ်ယူသွားပေါ့ကွယ်။

မောင်ဖြူစင်သည် နိသဘမထေရ်မြတ်၏ ဖြေကြားချက်ကို အလွန်နှစ်သက် သဘေကျသွားသည်။ ထိုမထေရ်မြတ်ထံမှာပင် ငါးပါးသီလကို ရိုသေစွာ ဆောက်တည်လိုက်သည်။ ထို့နောက်တွင်လည်း လူ့တာဝန်များကို ထမ်းဆောင်ရင်း ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းသည်။ အနှစ်တသိန်း သက်တမ်းကုန်သည်အထိ လုံခြုံအောင် ဖြူစင်စွာ အထူးစောင့်ထိန်းလေသည်။

သက်တမ်းကုန်၍ မောင်ဖြူစင်ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်သည်။ ထို့နောက်တွင် လူ-နတ် ချမ်းသာတို့ကို အကြိမ်ကြိမ်ခံစားရသည်။ သံသရာခရီးလမ်းတွင် အထက်တန်းကျကျ ကျင်လည်သွားလာရသည်။

ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူသောအခါတွင် ဝေသာလီပြည်ရှိ သူဋ္ဌေးမျိုးဝယ် လူဖြစ်သည်။ ချမ်းသာပြည့်စုံစွာ နေထိုင်ရသည်။ အသက် ၅-နှစ်အရွယ်သို့ ရောက်သောအခါ ဘုရားရှင်သာသနာတွင် ၀င်ရောက်လျက် တရားဘာဝနာများ အားထုတ်သည်။ ရက်ပိုင်းအတွင်း ရဟန္တာဖြစ်တော်မူသည်။
ပဉ္စသီလသမာဒါနိယ မထေရ်-ဟု အမည်တွင်သည်။ ဤဖြစ်ရပ်သည် ငါးပါးသီလကို ဆောက်တည် စောင့်ထိန်းခဲ့ရသော ကောင်းမှုကုသိုလ်ကံ၏ စွမ်းအားသတ္တိ ကြီးမားပုံ သာဓကတရပ် ဖြစ်ပါသည်။

အကိုး။ ထေရဂါထာပါဠိတော် ပဉ္စသီလသမာဒါနိယမထေရ် ၀တ္ထုကို မှီငြမ်းရေးဖွဲ့ပါသည်။

( မောင်ကျော်သန်း-ရွှေတောင်အင်း )

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဇန်န၀ါရီလ )

ပုံပြင် ( ၁၆ )

( ဇာတ်နိမ့်အမျိုးသမီးကလေး ပကတိ )

တနေ့သ၌ အရှင်အာနန္ဒာသည် ခရီးတခုကို ကြွချီတော်မူသည်။ လမ်းခရီးတွင် ရွာတရွာကို ဖြတ်သန်းသွားရာ ရွာစွန်တွင် ရေတွင်းတခုကို တွေ့သည်။ ရေတွင်းတွင် မာတင်္ဂမျိုးနွယ်ဝင် ဇာတ်နိမ့်အမျိုးသမီးကလေး ပကတိသည် ရေခပ်လျက် ရှိသည်။

အရှင်အာနန္ဒာသည် ရေငတ်တော်မူသဖြင့် ထိုအမျိုးသမီးကလေးထံမှ ရေအလှူခံသည်။
ချစ်နှမ၊ ရေအနည်းငယ် ပေးလှူပါ။
ဇာတ်နိမ့်အမျိုးသမီးကလေး ပကတိသည် ရေပေးလှူလိုသည်၊ သို့ရာတွင် မိမိမှာ ဇာတ်နိမ့်ဖြစ်နေသဖြင့်မပေးလှူဝံ့။ ၀မ်းနည်းအားငယ်စွာဖြင့် လျှောက်ထားသည်။

အရှင်၊ ကျွန်တော်မျိုးမသည် အလွန်ယုတ်ညံ့လှသော ဇာတ်နိမ့်အမျိုးသမီး ဖြစ်ပါသည်။ ကျွန်တော်မျိုးမ၏ ရေကို အရှင် အလှူမခံထိုက်ပါ။ မသုံးဆောင်ထိုက်ပါ။
ထိုအခါ အရှင်အာနန္ဒာက ချစ်နှမ၊ ငါသည် ဇာတ်ကို အလှူမခံ၊ ရေကိုသာ အလှူခံသည်၊ သဒ္ဓါတရား ထက်သန်စွာဖြင့် ရေကိုလှူပါ-ဟူ၍ မိန့်တော်မူသည်။

ပကတိလည်း ၀မ်းမြောက်ဝမ်းသာဖြင့် အရှင်အာနန္ဒာအား ရေပေးလှူသည်။ အရှင်အာနန္ဒာလည်း ရေသုံးဆောင်ပြီးလျှင် ခရီးဆက်လက် ကြွသွားသည်။ ပကတိသည် အရှင်အာနန္ဒာ၏ အပြုအမူကို လွန်စွာမြတ်နိုး၍ အရှင်အာနန္ဒာကို အလွန်ကြည်ညိုမိသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်ရှိရာ ကျောင်းတော်သို့ သွား၍ ဘုရားရှင်အား လျှောက်ထားခွင့်ပန်သည်။

အရှင်ဘုရား၊ တပည့်တော်မသည် အရှင်အာနန္ဒာကို အလွန်ကြည်ညိုလှပါသည်၊ တပည့်တော်မအား အရှင်အာနန္ဒာ သီတင်းသုံးနေထိုင်ရာ အနီးတွင် နေထိုင်ခွင့် ပြုတော်မူပါ။ အရှင်အာနန္ဒာကို တပည့်တော်မ လုပ်ကျွေးပြုစုလိုပါသည်ဘုရား။
ဗုဒ္ဓဘုရားရှင်သည် အကြောင်းစုံကို သိရှိတော်မူသဖြင့် ပကတိအား ဆိုဆုံးမတော်မူသည်။

ချစ်သမီး၊ သင်သည် စင်စစ် အရှင်အာနန္ဒာကို ချစ်မြတ်နိုးသည်မဟုတ်၊ အရှင်အာနန္ဒာ ကျင့်သုံးသော အကြင်နာတရားကို ချစ်မြတ်နိုးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အကြင်နာတရားကို သင့်နှလုံးသား၌ စွဲပိုက်ထားပါ။ ထိုအကြင်နာတရားဖြင့် သင့်ဝန်းကျင်ရှိ လူအပေါင်းကို ကြင်နာစွာ ပြုစုစောင့်ရှောက်ပါလော့။

ငါဘုရားပုံဆောင်၍ ဆိုဦးမည်။
တခါက ဘုရင်တပါးသည် သူ၏ ကျေးကျွန်တယောက်အား ကြင်နာစွာ ပြုစုစောင့်ရှောက်ထားသည်။ စင်စစ် ထိုသို့ ကြင်နာစွာ ပြုစုစောင့်ရှောက်ထားသည်ထက် ထိုကျေးကျွန် တစုံတခုသောပြစ်မှု ကျူးလွန်ရာ၌ ကြင်နာစွာ ခွင့်လွှတ်ခြင်းက ပို၍ မြင့်မြတ်သည်။ အလားတူပင် အခြားသူများ အပေါ်လည်း ဖိနှိပ်ခြင်းမပြု၊ နှိပ်စက်ခြင်းမပြု၊ ကြင်နာစွာ ပြုစုစောင့်ရှောက်၍ အပြစ်ကျူးလွန်လျှင်လည်း ကြင်နာစွာ ခွင့်လွှတ်ခြင်းက ပို၍ ကောင်းမြတ် ပေသည်။

ထိုသို့ ဆိုဆုံးမတော်မူပြီးလျှင် ဘုရားရှင်က ပကတိအား ချစ်သမီး၊ သင်သည် အကြင်နာတရားကို ရင်ဝယ်ပိုက်၍ လူအများအား ကြင်နာစွာ ပြုစုစောင့်ရှောက်ပါ။ သင်၏ အပြုအမူကို အမျိုးမြတ်သူတို့ စံနမူနာ ထားကြပါလိမ့်မယ်။ သင်သည် ဇာတ်နိမ့်ဖြစ်သော်လည်း ရွှေနန်းတော်၌ စိုးစံနေသော မိဖုရားများထက် ပိုမိုတင့်တယ်၍ မြင့်မြတ်သူ ဖြစ်ပေလိမ့်မည်။

ပကတိသည် ဘုရားရှင်၏ အဆုံးအမကို နာယူကာ မိမိအိမ်သို့ ၀မ်းမြောက်ရွှင်လန်းစွာဖြင့် ပြန်သွားလေသည်။

( မြတ်မင်္ဂလာ ၁၉၉၈-ခု ဇန်န၀ါရီလ )

ပုံပြင် ( ၁၅ )

( မေတ္တာသုတ်တော် အာနုဘော် )

သီဟိုဠ်ကျွန်း ( သီရိလင်္ကာ ) ရောဟန ဇနပုဒ်တွင် သီဟဆိုသူ တဦးရှိသည်၊ ရဟန်းလူထွက်ဖြစ်သည်၊ အနုဠာဆိုသူ ပျိုကညာတဦးနှင့် ချစ်ကြိုက်၍ ရဟန်းဘ၀မှ ထွက်လာသူဖြစ်ရာ ယင်းအနုဠာနှင့်ပင် ဖူးစာဆုံကြသည်။ သို့သော် သီဟသည် ရဟန်းလူထွက်ပီပီ အလုပ်ကို ကောင်းစွာမလုပ်၊ လည်ပတ်၍သာ နေသည်၊ မကြာမီ သူတို့တွင် ကလေးတယောက်ရ၍ မယားဖြစ်သူက အလုပ်ရှာရန် ပြောသည်၊ ယောက္ခမများက သူ့အား အလုပ်မရှိ၍ မကြည်ဖြူ၊ ထို့ကြောင့် သူသည် ရောဟနနှင့် အတန်ဝေးသော ကာလဒ္ဓကရွာသို့ အလုပ်လုပ်ရန် ထွက်သွားလေသည်။

သူရွာမှ ထွက်သွားစဉ် ဆရာဘုန်းကြီးဖြစ်သော တိဿမထေရ်မြတ်နှင့် လမ်းတွင်တွေ့သည်၊ လမ်းဘေးတွင် ထိုင်၍ ရှိခိုးကာ ကာလဒ္ဓကရွာသို့ အလုပ်လုပ်ရန် သွားမည့်အကြောင်း လျှောက်ထားသည်၊ တိဿမထေရ်မြတ်က မေတ္တာတရားကို အမြဲပွားပါ၊ မေတ္တာသုတ်ကို နေ့စဉ် ရွတ်ဆိုပါ၊ မေတ္တာသုတ်တော်ကိုလည်း မပြတ် နှလုံးသွင်းပါး-ဟု မှာကြား ဆုံးမတော်မူ၏။

သီဟသည် ကာလဒ္ဓကရွာသို့ တညနှင့် တနေ့ သွားရသည်၊ ရောက်လျှင် ရွာစားကြီးအိမ်၌ ကြံညှစ်သောအလုပ်ကို ရလေသည်။ ထိုအလုပ်ကို တလခန့် ပင်ပန်းစွာ လုပ်ပြီးသော် ငွေကျပ် ငါးဆယ်ခန့် ရလေသည်၊ ထိုငွေကို မယားနှင့် သားထံ ပြန်ပို့ရန် ရွာစားကြီးအား အခွင့်တောင်း၍ ရောဟနသို့ ပြန်ခဲ့လေသည်၊ ထိုနေ့ နေ၀င်ချိန်တွင် လမ်းခရီးရှိ မဟာမြိုင် တောအနီးသို့ရောက်၍ အိပ်စရာရှာသည်၊ ယင်းတောအနီး ရွာတရွာနှင့် ဇရပ်တဆောင်ကို တွေ့၍ အိပ်သင့်-မအိပ်သင့် ချိန်ဆသည်။ ထိုစဉ် ရွာသားတယောက်က စိတ်ချ၍သာ အိပ်ပါ၊ ဤဌာနတွင် လူဆိုး သူဆိုး သူခိုး ဓားပြ မရှိ-ဟု ဆိုသဖြင့် ယင်းဇရပ်တွင်ပင် ပါလာသော အထုပ်ကို ခေါင်းအုံး၍ အိပ်လေ၏။

မအိပ်မီ ဘုရားရှိခိုး၍ မိမိဆရာ တိဿမထေရ်မြတ် မှာကြားဆုံးမတော်မူလိုက်သည့်အတိုင်း မေတ္တာပို့ကာ မေတ္တာသုတ်တော်ကို နှလုံးသွင်း၍ တပုဒ်ချင်း တပုဒ်ချင်း ရွတ်ဆိုပွားများလေသည်။
မေတ္တာသုတ်တော်၏ အနက်အဓိပ္ပါယ်ကို ဆင်ခြင်နှလုံးသွင်းရင်း ခရီးလည်းပင်ပန်းသဖြင့် အိပ်ပျော်သွားလေသည်၊ ထိုစဉ်တွင် ဤအရပ်၌ လူဆိုး သူဆိုး သူခိုး ဓားပြ မရှိပါ-ဟု ပြောသူက သီဟ၌ ငွေကြေးပါလာကြောင်း သိသဖြင့် ညဥ့်နက်လျှင် အဖော်နှစ်ဦးနှင့် အတူ သီဟကိုသတ်၍ ငွေကိုယူရန် ဇရပ်အနီးသို့ ချဉ်းကပ်၍ လာလေ၏။

ထိုသုံးယောက်တို့ ဇရပ်နှင့် မနီးမဝေးသို့ ရောက်၍ ဇရပ်ဆီသို့ ကြည့်လိုက်ရာ စစ်သည်တော် သုံးဆယ်ခန့်သည် ဇရပ်ကို ၀န်းရံ၍ နေသည်ကို တွေ့ရလေ၏၊ ဟယ်-ဇရပ်မှာအိပ်တဲ့ ခရီးသည်ကို အနုရာဓဘုရင်မင်းမြတ်ဆီက လာဖမ်းနေပြီ ထင်ပါရဲ့-ဟု လူဆိုးတို့က ထင်မိသည်၊ တကယ်တော့ သူတို့ အထင်မှားသည်၊ စစ်သည်တော်တို့သည် ဇရပ်ကို ၀န်းရံလျက်ရှိသော်လည်း လမ်းဆီသို့ မျက်နှာလှည့်လျက်ရှိကာ ဇရပ်ပေါ်ရှိလူကို စောင့်ရှောက်ပေးနေကြခြင်းသာ ဖြစ်လေသည်။

အမှန်ကား သီဟ၏ မေတ္တာတန်ခိုး မေတ္တာသုတ်တော်ကို ဆင်ခြင်ပွားများခြင်း၏ အာနုဘော်ကြောင့် ပစ္စည်းယူ လူသတ်သည့် ခိုးသူတို့ဘေးမှ ကင်းဝေးအောင် စောင့်ရှောက်ကြသော နတ်များက အနုရာဓ တပ်မတော်သားများ အသွင်ဖြင့် စောင့်ရှောက်၍ ပေးကြခြင်းသာ ဖြစ်၏။ ထို့ကြောင့်ပင် ခိုးသားဓားပြ သုံးယောက်တို့သည် ဇရပ်အနီးသို့ မကပ်နိုင်ဘဲ ထွက်ပြေးသွားကြလေသတည်း။

( လင်္ကာသာရ ) (ဒေါသကထာ တတိယမောင်းထောင်-၇၅-မှ )

( မြတ်မင်္ဂလာ ၁၉၉၃-ခု ဧပြီလ )

ပုံပြင် ( ၁၄ )

( နောင်တ )

ဗာရာဏသီပြည်တွင် မုဆိုးကြီးတယောက်သည် သိန်းငှက်တကောင်ကို လိမ္မာအောင် မွေးမြူသည်၊ တိုက်ခိုက်နည်း မျိုးစုံတို့ကို သင်ကြားပေးသည်။ ထို့နောက် မုဆိုးကြီးသည် သားငှက်မျိုးစုံတို့ကို သိန်းငှက်ဖြင့် တိုက်ခိုက်ဖမ်းဆီးသည်၊ ရရှိသည့် သားငှက်များကို ရောင်းချစားသောက်သည်။

တနေ့တွင် မုဆိုးကြီးသည် သိန်းငှက်ကို ပုခုံးပေါ်တင်၍ တောနက်အတွင်းသို့ ခရီးထွက်ခဲ့သည်၊ ခရီးပန်းပြီး တောနက်သည်ထက် နက်လာသောအခါ တောနက်ကြီးအတွင်း အစာရေစာ ပြတ်သွားသည်၊ ခရီးလည်း အတော်ပန်းသွားသည်၊ ထို့ကြောင့် မုဆိုးကြီးသည် သစ်ပင်ကြီး တပင်အောက်တွင် ပက်လက်လှန် အိပ်လိုက်သည်။

သစ်ပင်ကြီးပေါ်တွင် ငန်းမြွေကြီးတကောင် ရှိသည်၊ ငန်းမြွေကြီးသည် ပူအိုက်လှသဖြင့် သစ်ပင်ပေါ်တွင် လျှာထုတ်၍ အိပ်မောကျလျက်ရှိသည်၊ ငန်းမြွေကြီး၏လျှာမှ အဆိပ်ရည်များ တစက်စက် ယိုစီးကျလျက်ရှိသည်။ ငန်းမြွေကြီး၏ လျှာမှ အဆိပ်ရည်များမှာ မုဆိုးကြီး၏ ကိုယ်ပေါ်သို့ စီးကျလာသည်၊ မုဆိုးကြီးမှာ ရေငတ်နေသဖြင့် ရေကောင်းအမှတ်ဖြင့် လက်ခုပ်ဖြင့် ခံလိုက်သည်။

သို့သော် အဆိပ်ရည်များ မုဆိုးကြီးလက်သို့ မရောက်၊ အနီးရှိ သိန်းငှက်က တောင်ပံဖြန့်၍ ခံထားလိုက်သည်။ ရေဆာ၍ အစာငတ်နေပြီဖြစ်သော မုဆိုးကြီးသည် ဒေါသ အလွန်ထွက်သွားသည်၊ လဲလျောင်းနေရာမှ ရုတ်တရက် ထလိုက်သည်၊ သိန်းငှက်မှာ မုဆိုးကြီး၏ လက်ထဲသို့ အဆိပ်ရည်များ မရောက်စေရန်သာ တောင်ပံများ ဖြန့်၍ အပေါ်မှ ကာကွယ်ပေးထားသည်။

မုဆိုးကြီးမှာ ဒေါသထွက်လွန်းလှသဖြင့် သိန်းငှက်ကို ခြေနှစ်ချောင်း ဆွဲယူပြီး တချက်တည်း ရိုက်သတ်လိုက်သည်။ သိန်းငှက်သေသောအခါမှ သစ်ပင်ပေါ်မှ ကျနေသည့် အရည်များမှာ အဆိပ်ရည်ဖြစ်ကြောင်း သိရှိသွားသည်။

သိန်းငှက်သည် မုဆိုးကြီး အသက်ဆုံးရှုံးမည်စိုးရိမ်၍ ကာကွယ်ပေးခြင်းဖြစ်သည်၊ မုဆိုးကြီးသည် ရုတ်တရက်ဖြစ်ပေါ်လာသော ဒေါသကြောင့် သိန်းငှက်အလိမ္မာ ဆုံးရှုံးသွားရချေပြီ-ဟု နားလည်လိုက်သည်၊ နောင်တ ရမဆုံး ဖြစ်သွားသည်၊ သို့သော် မုဆိုးကြီး၏ နောင်တသည် ကျေးဇူးသိတတ်သော သိန်းငှက်၏ အသက်ကို ပြန်မရှင်စေနိုင်တော့ချေ။

( စိတြ )

( မြတ်မင်္ဂလာ ၁၉၉၃-ခု မတ်လ )

ပုံပြင် ( ၁၃ )

( အသိဉာဏ်မဲ့သော သူဋ္ဌေးသား )

ရှေးရှေးက အလွန်ကြွယ်ဝချမ်းသာသော သူဋ္ဌေးကြီး ဇနီးမောင်နှံရှိသည်၊ ထိုသူဋ္ဌေးကြီး ဇနီးမောင်နှံတွင်
လွန်စွာ ချောမော လှပသော သားတယောက် ရှိသည်။

သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်အတွက် လိုလေသေးမရှိ အလိုလိုက်ကြသည်။

သူဋ္ဌေးသားငယ် အရွယ်ရောက်လာသောအခါ သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်ကို ချမ်းသာသည့် မိသားစုမှ အမျိုးသမီးတဦးနှင့် လက်ထပ်ပေးသည်၊ ထိုသို့ အိမ်ထောင်ပြုပြီးနောက် သူဋ္ဌေးသား၏ ဇနီးမှ သားတယောက် ဖွားမြင်သည်၊ ထိုသားငယ် မွေးဖွားပြီး ၂-နှစ်ခန့်တွင် သူဋ္ဌေးကြီး ဇနီးမောင်နှံ ရှေ့ဆင့် နောက်ဆက့် ကွယ်လွန်သွားကြသည်။

ဆွေမျိုးများက သူဋ္ဌေးသားသည် ဥစ္စာရှိသော်လည်း ပညာမရှိလျှင် ကဲ့ရဲ့ဖွယ် ဖြစ်နိုင်သည်၊ ဥစ္စာပစ္စည်းများ ဆုံးရှုံးနိုင်သည်၊ ထို့ကြောင့် ပညာသင်ယူလျှင် ကောင်းမည်-ဟု အကြံပြုကြသည်။

သူဋ္ဌေးသားသည် ဆွေမျိုးများ၏ အကြံပေးမှုကို လက်ခံလိုက်ပြီး တက္ကသိုလ်တခုသို့ သွားရောက်၍ ပညာသင်ယူသည်၊ တက္ကသိုလ်၌ ၁၀-နှစ်ခန့်ကြာပြီးနောက် အိမ်သို့ပြန်လာခဲ့ရာ ညဥ့်နက် လူခြေတိတ်ချိန်မှ ရောက်လာသည်၊ သို့သော် သူဋ္ဌေးသားသည် လျှို့ဝှက်တံခါးများကို သိသဖြင့် အိမ်တော်တွင်းသို့ အလွယ်တကူပင် ရောက်ရှိသွားသည်။

သူဋ္ဌေးသားသည် ဇနီးသည်၏ အိပ်ခန်းသို့ ၀င်လာသောအခါ ဇနီးဖြစ်သူကို ခြင်ထောင်အတွင်း၌ ယောက်ျားတဦးနှင့် ဖက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

သူဋ္ဌေးသားသည် ကြာရှည်စွာ စဉ်းစားမနေတော့ဘဲ ဇနီးသည်နှင့် ထိုသူကို ဓားဖြင့် ခုတ်ပိုင်း သတ်လိုက်လေတော့သည်။

နံနက်လင်း၍ အစေခံများ နိုးလာသောအခါကျမှ မိမိ သတ်လိုက်သူများမှာ ဇနီးနှင့်သား ဖြစ်ကြောင်း သိလိုက်ရသည်။

မိခင် ဖက်အိပ်နေသည့် သားငယ်ကို သူဋ္ဌေးသားက လင်ငယ်ဟု ထင်မှတ်မိခြင်းသာ ဖြစ်သည်။ သူဋ္ဌေးသားသည် ပညာ သင်ယူခဲ့သော်လည်း အသိဉာဏ်မဲ့သောကြောင့် ဇနီးနှင့်သားငယ်ကို သတ်မိခြင်းပင်တည်း။

( စိတြ )

( မြတ်မင်္ဂလာ ၁၉၉၃-ခု ဖေဖော်ဝါရီလ )

ပုံပြင် ( ၁၂ )

( စေတနာအကျိုးပေး )

ဗုဒ္ဓမြတ်စွာဘုရားသခင် လက်ထက်တော်က ခိုးသူကြီးတဦးရှိသည်၊ ထိုခိုးသူကြီးသည် သူတပါးဥစ္စာကို ခိုးရုံမက သူတပါး အသက်ကိုလည်း သတ်၏၊ အိုးအိမ်၊ စည်းစိမ်တို့ကိုလည်း ဖျက်ဆီး၏၊ သူ့ဘ၀တလျှောက်လုံးတွင် မှတ်မှတ်ရရ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုဟူ၍ ပင့်ကူငယ် တကောင်၏အသက်ကို ချမ်းသာပေးဖူးခြင်း တခုသာ ရှိခဲ့သည်။

တခါက ထိုခိုးသူကြီးသည် တောလမ်းခရီးတခုကို သွားစဉ် လမ်းပေါ်တွင် ပင့်ကူငယ်တကောင် တွားသွားနေသည်ကို တွေ့ရသည်၊ သူသည် ထိုပင့်ကူငယ်ကို အမှတ်မထင် နင်းမိမည်ပြုသည်၊ ထိုစဉ် သူသည် ရုတ်တရက် ပင့်ကူငယ်ကို သနားစိတ် ၀င်လာမိသည်၊ ထို့ကြောင့် သူသည်
ငါ-နင်းသတ်လိုက်ရင် ဘာမှ အပြစ်မရှိတဲ့ ပင့်ကူကလေး သေရတော့မယ်၊ သူ့လို ဘာမှအပြစ်မရှိတဲ့ သူကို
ငါ ဒုက္ခမပေးသင့်ဘူး-ဟု အသိတရားဖြင့် ပင့်ကူငယ်ကို အသက်ချမ်းသာပေးလိုက်သည်။

ထိုခိုးသူကြီး သေလွန်သောအခါ သူမသေမီက ပြုခဲ့သော အကုသိုလ်တရားများ၏ အကျိုးဆက်ကြောင့် ငရဲသို့ ကျရောက်သွားသည်၊ သူသည် အခြားသော ငရဲသားများနှင့်အတူ ဒုက္ခအမျိုးမျိုးကို ခံစားနေရသည်။

ထိုစဉ် မြတ်စွာဘုရားသည် ငရဲသို့ရောက်နေသော ခိုးသူကြီးကို မြင်တော်မူသည်၊ ဘုရားရှင်သည် ထိုခိုးသူကြီးအား ကယ်တင်လို၍ သူ့တွင် ကုသိုလ်ကောင်းမှု တခုခု ရှိသလော-ဟု တန်ခိုးတော်ဖြင့် ကြည့်တော်မူသည်၊ ထိုအခါ ခိုးသူကြီးသည် လူ့ပြည်တွင် ရှိစဉ်က ပင့်ကူငယ်တကောင်၏ အသက်ကို ချမ်းသာပေးခဲ့ပုံကို မြင်တော်မူသည်၊ ထို့ကြောင့် သူ၏ ကုသိုလ်ကောင်းမှုကို အကြောင်းပြုပြီး သူ့အား ကယ်တင်ရန် ကြံသည်၊ ကံအားလျော်စွာပင် အနီးအနား၌ ပင့်ကူအိမ် ရက်လုပ်နေသော ပင့်ကူတကောင်ကို မြင်သည်၊ ဘုရားရှင်သည် ပင့်ကူမျှင်တခုကို သူ၏တန်ခိုးတော်ဖြင့် ခိုးသူကြီးရှိရာ ငရဲဘုံသို့တိုင်အောင် ကျရောက်စေသည်။

ခိုးသူကြီးသည် ပင့်ကူမျှင်ကလေး ကျလာသည်ကို မြင်လျှင် ၀မ်းသာအားရ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အပေါ်သို့တွယ်တက်သည်၊ တဖြည်းဖြည်း အပေါ်သို့ ရောက်ခါနီးလာသည်၊ ထိုစဉ် သူတွယ်တက်ခဲ့သော ပင့်ကူမျှင်ကြိုးမှာ လေးလံလာသည့်အတွက် အောက်သို့ ငုံ့ကြည့်လိုက်သည်၊ ငရဲဘုံမှ ငရဲသား မြောက်မြားစွာတို့သည် သူ့နည်းတူပင် ပင့်ကူမျှင်ကြိုးကို တွယ်တက်လာကြသည်ကို တွေ့ရသည်။

ဤအခြင်းအရာကို မြင်ရသောအခါ သူသည် အံ့သြခြင်း၊ ကြောက်လန့်ခြင်းတို့ဖြင့် တကိုယ်လုံး တဆတ်ဆတ် တုန်လာသည်၊ ဤသူများ တက်လာလျှင် ပင့်ကူမျှင်ကြိုးလေးမှာ သူတို့၏ အလေးချိန်ဒဏ်ကို မခံနိုင်တော့ဘဲ ပြတ်ကျသွားမည်၊ သို့ဆိုလျှင် သူတို့နှင့်အတူ သူပါရော၍ ငရဲဘုံသို့ ပြန်ကျရပေတော့မည်-ဟုလည်း တွေးမိလာသည်၊ ထို့ကြောင့် သူသည် နောက်မှတက်လာသူများအား ဟေ့-လူတွေ၊ ကြိုးကို တွယ်မတက်ကြနဲ့၊ ဒီကြိုးက ငါ့ကြိုး၊ မင်းတို့နဲ့ မဆိုင်ဘူး၊ အောက်ကို မြန်မြန်ပြန်ဆင်းကြ-ဟု တကိုယ်ကောင်းဆန်စွာ အော်ပြောလိုက်သည်။

ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် ပင့်ကူမျှင်ကြိုးကလေးသည် ရုတ်တရက် ပြတ်ကျသွားတော့သည်၊ ခိုးသူကြီးလည်း ကျန်ငရဲသားများနဲ့အတူ ငရဲဘုံသို့ ပြန်ကျသွားလေတော့သည်၊ သူ့စေတနာသည်ပင် သူ့ကို အကျိုးပေးခြင်း ဖြစ်သည်၊ ဘုရားရှင်သည် မကယ်တင်နိုင်တော့ပေ။

( ခင်ရီဝင်း )

( မြတ်မင်္ဂလာ ၁၉၉၃-ခု ဇန်န၀ါရီလ )

ပုံပြင် ( ၁၁ )

( ကျေးဇူးသစ္စာကို စောင့်သိခြင်း၏ အကျိုး )

ရှေးအခါက တိုင်းပြည်တပြည်တွင် ပညာရှိပုရောဟိတ် အမတ်ကြီးတဦး ရှိသည်၊ တခါသော် ထိုပုရောဟိတ်နှင့် ရှင်ဘုရင်တို့ တခုသောပြဿနာအတွက် သဘောကွဲလွဲကြ၏၊
မင်းကြီးကလဲ ငါ-ဘုရင်ပဲ ဟု မင်းမာန်ဖြင့် အလျှော့မပေးချေ၊
ပုရောဟိတ်ကလည်း ငါ ပြောတာအမှန်ပဲ၊ သူလဲ ကောင်းဖို့၊ နိုင်ငံလဲ ကောင်းဖို့ ပြောတာပဲ-ဟု အလျှော့မပေးချေ၊

ဘုရင်က ရာဇမုန်ပွားကာ ပုရောဟိတ်အမတ်ကြီးကို ရာထူးမှ ချ၊ အဆောင်အယောင်များကို သိမ်း၊ ပင်ကိုယ်က ပါလာတဲ့ ပစ္စည်းလောက်နှင့် မြို့ပြင်မှာနေစေ-ဟု အမိန့်တော် ချလိုက်သည်။

ပုရောဟိတ်ကြီးသည် မြို့ပြင်မှာ တဲထိုး၍ ဆင်းရဲစွာ နေရသော်လည်း မိမိ၏၀တ္တရားကို မပျက်ကွက်စေဘဲ ညစဉ် ကောင်းကင်နက္ခတ်တို့ကို ကြည့်ရှုလေ့ရှိပေသည်၊ ထိုစဉ် ရှင်ဘုရင်ဖြစ်သူက ဆင်ခြင်မိသည်မှာ- ငါမေးတိုင်း လက်အောက်မှူးမတ်များ၊ မင်းချင်းများက တိုင်းပြည်သာယာပါတယ်၊ မုဒိန်း ဒန္တ-စသည်တို့ ကင်းရှင်းပါတယ်-လို့ လျှောက်တင်ကြတယ်၊ ယင်းတိုပပြောတဲ့အတိုင်း မှန်-မမှန် သိရအောင် ငါကိုယ်တိုင်ထွက်၍ စုံစမ်းမည်-ဟု ကြံစည်မိ၏။

သို့ဖြင့် ညအခါ တဦးတည်း ရုပ်ဖျက်ကာ လက်နက်ကိုင်၍ လမ်းကြိုလမ်းကြား သွားနေလေသည်၊ ထိုသို့သွားလာနေစဉ် မိမိနှင့် မျက်နှာချင်းဆိုင်မှလာကြသော လူတစုနှင့် တွေ့မိရာ ထိုလူများက
ဟေး---ရှေ့ကလာတာ ဘယ်သူလဲ-ဟု မေး၏၊ မင်းကြီးက ကျွန်တော် ညလူပါ-ဟုဖြေ၏၊
သူခိုးများက တယောက်တည်းလား၊ အများနဲ့လား-ဟု မေးရာ
မင်းကြီးက မခိုးတတ် ခိုးတတ်ဆိုတော့ တယောက်တည်းပါပဲ-ဟု ဖြေပြီးလျှင်
ဆရာတို့လက်ခံရင် တပည့်အဖြစ် လိုက်လိုပါတယ်-ဟု ပြော၏၊
သူခိုးအုပ်စုက လက်ခံသဖြင့် လိုက်သွားရ၏၊
မြို့ပြင်ရှိ ပုရောဟိတ်ဟောင်း၏ တဲအနီး သစ်ပင်အောက်တွင် အချိန်ကို ငံ့လင့်ကာ စောင့်ဆိုင်းနေကြသည်။

ထိုစဉ် ပုရောဟိတ်ဟောင်း အမတ်ကြီးလည်း တဲမှထွက်ကာ ကောင်းကင်နက္ခတ်ကို ကြည့်ပြီးလျှင် သူ၏ဇနီးအား ဤသို့ပြော၏။ ရှင်မရေ၊ ငါတို့ဘုရင်ဟာ ခိုးသူတွေ လက်ထဲ ရောက်နေခဲ့တယ်၊ သို့ပေမဲ့ စိုးရိမ်စရာမရှိပါ၊ သုံးနာရီအကြာမှာ ခိုးသူတွေလက်ထဲက လွတ်မှာပဲ-ဟု ပြော၏၊ ထိုအခါ ဇနီးက ရှင်ဟာ အမှတ်သည်းခြေ မရှိဘူး၊ ရှင်ဘုရင်က ရာထူးချထားလို့ ကျွန်မတိုပ မြို့ပြင်မှာ တဲပုတ်နဲ့ နေနေရတယ်၊ အခု ရှင်ပြောတဲ့စကား မင်းကြီးနား ရောက်သွားရင် ရှင်တော့ အသတ်ခံရတော့မှာပဲ-ဟု ပြောရာ ပုရောဟိတ်ဟောင်းက ရှင်မရယ်-ဒီလိုမပြောပါနဲ့၊ ခုလို ဆင်းရဲစွာနေရတာ ဘ၀ ဘ၀က ပြုခဲ့တဲ့ မကောင်းမှုကံကြောင့်ပါ၊ မင်းကြီးရဲ့ ကျေးဇူးသစ္စာကို စောင့်သိရမယ်၊ တို့ကို မသတ်ဘဲထားတာကို များစွာ ကျေးဇူးတင်ရမယ်၊ မင်းကြီးရဲ့ ဘုန်းရိပ် ကံရိပ်ကြောင့် တို့ဆင်းရဲပေမယ့် အေးအေးချမ်းချမ်း နေရတယ်၊ ဒါကြောင့် မင်းကြီးအပေါ် သစ္စာရှိရမယ်-ဟု ပြော၏။

ဘုရင်ကြီးလည်း ထိုစကားများကို ကြားသိရလျှင် ငါ-ပုရောဟိတ်ကြီးကို ရာထူးချမိတာ မှားသွားလေပြီ-ဟု သတိသံဝေဂရ၍ စိတ်မချမ်းမသာ ဖြစ်မိသည်။ အချိန်ကျလျှင် ခိုးသူတို့လည်း တိုက်တတိုက်ကို ၀င်ရောက်ခိုးယူကြ၍ ဝေစုခွဲကာအသီးသီး မိမိတို့လိုရာ သွားကြ၏၊ ဘုရင်ကြီးလည်း ထိုက်တန်သည့်ဝေစုရကာ နန်းတော်သို့ ပြန်လာခဲ့၏။ နောက်တနေ့ ညီလာခံသဘင်၌ မင်းကြီးက အသစ်ခန့်ထားသော ပုရောဟိတ်အား ညက နက္ခတ်တာရာများကို ကြည့်ပါရဲ့လား-ဟု မေး၏၊ ပုရောဟိတ်အသစ်က ညက နက္ခတ်တာရာများကို ကြည့်ပါတယ်၊ တိုင်းပြည် ၀ပြောသာယာပြီး မင်းကြီးလဲ ဘုန်းတန်ခိုး တိုးတက်ပါလိမ့်မယ်-ဟု လျှောက်ထား၏။

မင်းကြီးက ပုရောဟိတ်အသစ် လျှောက်တင်ချက်ကို မှတ်ထားလိုက်၏၊ ထို့နောက် မင်းချင်းတယောက်ကို စေလွှတ်၍ မြို့ပြင်မှ ပုရောဟိတ်ဟောင်းကို ခေါ်စေ၏။ ပုရောဟိတ်ဟောင်း၏ ဇနီးက မင်းကြီးထံမှ အခေါ်လွှတ်ကြောင်းသိရသော် ၄င်း၏ခင်ပွန်းအား ကျွန်မမပြောဘူးလား၊ ရှင် ညကပြောတာကြောင့် မင်းပြစ် မင်းဒဏ် သင့်တော့မယ်-ဟု ငိုယိုပြောဆို၏၊ ထိုအခါ ပုရောဟိတ်ကြီးက ရှင်မရယ် အခေါ်လွှတ်ရုံနှင့် မင်းပြစ်မင်းဒဏ် သင့်ရမှာလား၊ ကျုပ်ကို ဒဏ်ခတ်ချင်ရင် လက်မရွ့အာဏာသားတွေနဲ့ ခေါ်မှာ၊ မပူပါနဲ့-ဟု ပြော၍ နန်းတော်သို့ လိုက်သွားလေ၏။

မင်းကြီးက ညက ကောင်းကင်နက္ခတ်များ ကြည်မိသလား၊ ဘယ်လိုနိမိတ်များ မြင်ပါသလဲ-ဟု မေးရာ ပုရောဟိတ်ဟောင်းက ညက ကောင်းကင်နက္ခတ်များကို ကြည့်ပါတယ်၊ မင်းကြီးဟာ ခိုးသူများလက်ထဲကို ခေတ္တမျှ ကျရောက်နေတာကို တွေ့ရပါတယ်၊ သို့ပေမယ့် သုံးနာရီခန့်ကြာရှိတော့ ခိုးသူများထံမှ လွတ်မြောက်ခဲ့ပါတယ်-ဟု လျှောက်တင်၏။ ထိုအခါ မင်းကြီးက ပုရောဟိတ်ဟောင်း ပြောတာနဲ့ ညက ငါကိုယ်တိုင်ဖြစ်ခဲ့တာ တထပ်တည်းပဲ၊ အံကိုက်ပဲ ပုရောဟိတ်ဟောင်းကြီးက ငါ့အပေါ်မှာ သစ္စာရှိတယ်၊ ကျေးဇူးတရားကို သိတတ်တယ်၊ ပြုနေကျဝတ္တရားကို မပျက်မကွက်ပြုပေတယ်-ဟု ပြောဆိုပြီးလျှင် လိမ်လည်ပြောဆိုသည့် ပုရောဟိတ်အသစ်ကို ရာထူးမှချ၍ ပုရောဟိတ်အဟောင်းအား ရာထူးဌာနန္တရ စည်းစိမ်ဥစ္စာတို့ကို ပြန်လည်ပေးအပ်ပြီး ချီးမြောက်လေသည်။
(အကိုး။ နာနာဆန္ဒဇာတ်တော်ကို မှီးပါသည်)

( တက္ကသိုလ်ခေမာ-ကျိုက်လတ် )
********************************************************************************

( မတူညီသော ခံစားချက်များ )

ကိုဖိုးသောင်းကြီး လေဖြတ်သွားလို့တဲ့တော့
ဟဲ့ ဘယ်ကိုဖိုးသောင်းလဲ၊ အရှေ့ပိုင်းက ဖိုးသောင်းလား၊ အနောက်ပိုင်းက ဖိုးသောင်းလား၊
အရှေ့ပိုင်းက ငှက်ထောင်မုဆိုး ကို ဖိုးသောင်းလေ၊ မနေ့က လေဖြတ်သွားတာတဲ့၊ ခြေထောက်ရော လက်တွေပါ ကွေးကောက်ပြီး လှုပ်လို့မရတော့ဘူးတဲ့။

အေးဟယ်၊ သနားစရာ၊ အင်း-ကာလ၀ိပါက် နောက်ပိုးတက်ပြီ ထင်ပါရဲ့၊
နေပါဦး ကြီးဒေါ်စိန်ရဲ့၊ ဘာရယ် ကာလ၀ိပါက် နောက်ပိုးတက် ဟုတ်လား၊
အေးပေါ့အေ၊ ဖိုးသောင်းက ငှက်တွေထောင်ဖမ်းပြီး စီပွားရှာနေတာမို့လား၊ ငှက်တွေ အများကြီးမိတဲ့နေ့ဆို တယောက်တည်း မနိုင်မနင်းဆိုတော့ မပျံနိုင်အောင် အတောင်တွေချိုး၊ ခြေတွေချိုးပြီး ထားတယ်မို့လား၊ အခုလဲ သူ့ခြေထောက်တွေ ချိုးထားသလို ကွေးကောက်ပြီး မလှုပ်နိုင်တာနေမှာပေါ့၊ အင်း-ဒုက္ခ ဒုက္ခ၊
ဝဋ်တွေများ ကြောက်စရာ တယ်ကောင်း၊ ဘ၀မခြားဘဲ ခံစားရတယ်၊ တို့များတော့ ကြောက်တယ်ဟေ့၊ ဒါကြောင့် ဒီဘ၀မှာ ငယ်ငယ်လေးထဲက သူများအသက်ကို မသတ်ရဲဘူး၊ သူများကို နာကျင်အောင် မလုပ်ခဲ့ဖူးဘူး။

ဒါကြောင့်ထင်တယ်နော်၊ ကြီးဒေါ်စိန်က အသက်ကြီးနေပေမယ့် သန်သန်မြန်မြန် ဖြစ်နေတုန်းပဲ၊ ရောဂါလဲ ကြီးကြီးကျယ်ကျယ် မရှိဘူး၊
အေးပေါ-အေးပုံရယ်၊ ဒါလဲ ပါမှာပေါ့၊
အင်း ဒီနေ့ထိတော့ ကျန်းမာနေပါသေးတယ်၊ မနက်ဖြန်တော့ မပြောတတ်ဘူးပေါ့ကွယ်၊
အင်း-ညနေစောင်း အေးပုံအားရင် တို့ဖိုးသောင်းကို သွားပြီး မေးကြရအောင်ကွယ်၊ သနားစရာပါ၊
အသက်ကဖြင့် ဘာရှိသေးတုန်း၊ အလွန်ဆုံးရှိမှ လေးဆယ့်ငါး၊ ငါးဆယ်ပေါ့။

ဟုတ်ကဲ့ပါ-ကြီးဒေါ်စိန်၊ ညနေ ကျွန်မအားပါတယ်၊ သွားကြတာပေါ့နော်၊
ညနေပိုင်းတွင် ကြီးဒေါ်စိန်နှင့် အေးပုံတို့ နှစ်ယောက် ရွာအရှေ့ပိုင်းရှိ ကိုဖိုးသောင်း၏ အိမ်သို့ လူနာမေး သွားကြသည်။ ကိုဖိုးသောင်းကတော့ ခုတင်ပေါ်တွင် ပက်လက်၊ စကားမပြောနိုင်၊ ၀ူးဝူးဝါးဝါးနှင့်သာ အော်နေသည်၊
ကိုဖိုးသောင်း၏ လူမမည်အရွယ် ကလေးများမှာလည်း သူ့တဲလေးထဲတွင် ဟိုတယောက် ဒီတယောက်၊ မိန်းမဖြစ်သူ မတုတ်ကတော့ သူ့ဘေးနားမှာထိုင်ပြီး စိတ်ဓာတ်ကျနေပုံရသည်၊ ဒေါ်စိန်တို့ကိုမြင်တော့-

သြော်-ဒေါ်ကြီးစိန် လာလာ၊ ထိုင်ပါ၊ ကိုဖိုးသောင်း အဖြစ်ကတော့ ဒါပါပဲတော်၊ ဒီနေ့ပါဆို နှစ်ရက်ရှိပြီ။
ဟဲ့-ဘယ်လိုဖြစ်တာလဲ မတုတ်ရဲ့၊ ဖိုးသောင်းက မာမာချာချာ သန်သန်မြန်မြန်ကြီးပဲ၊
ဟုတ်တယ် ဒေါ်ကြီးစိန်ရေ၊ ဟိုနေ့ညက အိုက်တယ်ဆိုပြီး အင်္ကျီချွတ်အိပ်တယ်၊ လေက တဟူးဟူးတိုက်နေတဲ့ အိမ်ရှေ့ကွပ်ပျစ်မှာ အိပ်တယ်လေ။ သန်းခေါင်ကျော်လောက်တော့ ဒီလိုဖြစ်သွားတာပဲ၊ ကျုပ် သူ့ကို ပြောပါသေးတယ်၊ မရဘူး၊ အပူဒဏ်မခံနိုင်ဘူးတဲ့လေ၊ ခုတော့ ကြည့်ပါဦး။

ထိုစဉ် ကိုဖိုးသောင်း သူ့မိန်းမကို စကားပြောချင်ပုံရသည်၊ ၀ူးဝူးဝါးဝါးအော်နေသည်၊ သွးရည်တွေကလည်း တများများ ကျနေ၏၊ ကိုဖိုးသောင်းအဖြစ်က မကြည့်ရက်စရာ၊
ကြီးဒေါ်စိန်က မျက်နှာလွှဲကာ အိမ်အတွင်းသို့ ဟိုဟိုဒီဒီ မျက်လုံးရောက်သွား၏၊ မီးဖိုပေါ်ရှိ ကျပ်ခိုးစင်ပေါ်တွင် အသားကင်၊ အသားခြောက် အချို့ကို တွေ့ရသည်။

ဟို တစို့ထိုးထားတဲ့ အကင်တွေက ဘာတွေတုန်း မတုတ်ရဲ့၊ သြော်-ကြီးဒေါ်စိန် ဒါလေ လမိုက်ရက်တုန်းက ကိုဖိုးသောင်း ငှက်တွေ အများကြီးရလာလို့ တချို့လဲရောင်း၊ တချို့လဲ ကင်ထားတာ၊ တခါတည်း ရောင်းမကုန်လို့လေ။
ဟင်-ဟုတ်လား၊ ငှက်အရှင်လေးတွေရော ကျန်သေးလား မတုတ်၊
ဟုတ်ကဲ့-အတောင် မချိုးရသေးတဲ့ ငှက်အငယ်လေးတွေတော့ ကျန်သေးတယ်၊
ကြီးဒေါ်စိန် လိုချင်လို့လား။

အေးကွယ်-ကြီးဒေါ်စိန် လိုချင်လို့ ဘယ်နှစ်ကောင်လောက် ရှိလဲဟင်၊ သိပ်တော့ များများ မရှိပါဘူး၊
ငါးကောင်ပဲ ရှိတော့တယ်၊ ရေဘဲလေးတွေလေ၊ ကြီးဒေါ်ယူရင် လျှော့ပေးပါ့မယ်၊
အေး-အေး လှောင်ချိုင့်လေးနဲ့လား၊
မဟုတ်ဘူး ကြီးဒေါ်ရဲ့၊ ခြေထောက်တွေ ကြိုးနဲ့ချည်ထားတာ၊ ငါးကောင် တခါတည်း တွဲပေးလိုက်မယ်၊ စားဖို့ဆိုရင်တော့ ကျုပ်တခါတည်း ကိုင်ပေးလိုက်မယ်လေ။

အို-အို နေပါစေ၊ မလိုပါဘူးကွယ်၊ ကြီးဒေါ်စိန် ဘာသာဟိုကျမှ လုပ်ခိုင်းပါ့မယ်၊ ပြပါဦး၊ အကောင်လေးတွေ ကြည့်ရအောင်၊ မတုတ်က အိမ်နောက်ဖေးရှိ ပုတ်ခြင်းကြီးထဲမှ ရေဘဲအငယ် ငါးကောင်ကို ကြိုးချည်းလျက်သား ထုတ်ပေးသည်။ ငါးကောင် တထောင်ပဲ ပေးခဲ့ပါတော်၊ ကြီးဒေါ်စိန်ဆိုတော့ လျှော့ပေးရမှာပေါ့။

အေး-အေး-ရော့ ဒီမှာပိုက်ဆံ၊
ကြီးဒေါ်စိန်က အတွင်းခံအင်္ကျီအိတ်ကပ်ထဲမှ ငွေတထောင်ကျပ်တန်ကို ထုတ်ပေးလိုက်သည်၊
ပြီးမှ သတိရဟန်နှင့်-
သြော်-မေ့နေလို့ပါအေ၊ ရော့ ရော့ နှစ်ရာ၊ ဖိုးသောင်းအတွက် ဓာတ်စာဖိုး၊ ဆေးဖိုးပေါ့အေ၊ တို့များလဲ မချမ်းသာလို့ များများ မကူညီနိုင်ဘူး။

ကျေးဇူးပါပဲ ကြီးဒေါ်စိန်ရယ်၊ ဆေးဖိုးကတော့ အတော်ကုန်မှာ၊ မနက်က ရွာနောက်ပိုင်းက ဒေါ်မြကြီး လာပြီး နှိပ်သွားတယ်၊ ထူးမခြားနားပါပဲတော်။
ညရော-အိပ်ရရဲ့လားဟဲ့။
ဘယ်အိပ်နိုင်မလဲ၊ ကြီးဒေါ်စိန်ရယ်၊ အော်နေတာပဲ၊ ကျုပ်လဲ စိတ်ပျက်တယ်၊ လူမမာရှိတော့ အလုပ်လဲ သွားပြီးမလုပ်ရ၊ ငွေလဲ မရှာနိုင်၊ ကလေးတွေကလဲ များတော့ ဒုက္ခရောက်တယ်။

အေးပေါ့ကွယ်၊ ဒီလိုပေါ့၊ ဒုက္ခဆိုတာ လူတိုင်းမှာ အနည်းနှင့်အများ ရှိကြတာပေါ့၊ တတ်နိုင်သမျှတော့ ပြုစုကုသ ပေါ့အေ၊ ကဲ ကဲ တို့သွားဦးမယ်၊
ဟုတ်ကဲ့ ဟုတ်ကဲ့
ဒေါ်စိန်နှင့် အေးပုံ စိတ်မကောင်းစွာနဲ့ အိပ်ရာပေါ်က ဖိုးသောင်းကို တချက်ကြည့်ပြီး ထွက်လာကြသည်၊ ဒေါ်စိန်နှင့် အေးပုံတို့ နှစ်ယောက်သား ရေဘဲလေးများကို တယုတယပွေ့ပြီး ယူလာကြသည်၊ အိမ်ရောက်တော့ တကောင်ချင်း ကြိုးဖြေ၍ ဒဏ်ရာရနေသောနေရာသို့ နနွင်းသိပ်ပေးပြီး ပျံနိုင်သောရေဘဲလေးများကို လွှတ်ပေးလိုက်သည်။

ကောင်းကင်ယံသို့ လွတ်လပ်စွာ ပျံတက်သွားသော ရေဘဲငှက်လေးများကို ကြည့်ရင်း မိမိကုသိုလ်အတွက် ကြည်နူးနေသော ဒေါ်စိန်နှင့် အိပ်ရာထဲတွင် မလှုပ်နိုင် မယှက်နိုင်ဘဲ ခံစားနေရသော ကိုဖိုးသောင်းတို့၏ ခံစားချက်တို့ကား မည်မျှခြားနားလေစွတကား-ဟု အေးပုံ တွေးနေမိသည်။

ငှက်များစွာရလေ့ရှိသော လကွယ်ည သန်းခေါင်တွင် ကိုဖိုးသောင်း ကွယ်လွန်သည်၊ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုလျှင် ကိုဖိုးသောင်း ကောင်းရာသုဂတိ လားပါစေ-ဟု လူတိုင်း ဆုတောင်းပေးမည်သာ။
သို့သော် သို့သော် - - - - ။

( ချယ်ရီ-ရွှေခြံ )

( မြတ်မင်္ဂလာ ၂၀၀၁-နိုဝင်ဘာ )

ပုံပြင် ( ၁၀ )

( ထူးခြားသော စကားလက်ဆောင် )

အခါတပါး၌ မြို့တမြို့တွင် ကုဋေကြွယ် ကုံလုံကြွယ်ဝချမ်းသာသော သူဌေးကြီးတဦးရှိ၏။ တနေ့သောအခါ ထိုသူဋ္ဌေးကြီး နေသောမြို့သို့ ရသေ့တပါးကြွလာသည်။ ရတနာသုံးပါး ရိုသေဆည်းကပ်သူ သူဋ္ဌေးကြီးသည် ထိုသတင်းကိုကြားလျှင်ကြားချင်း ရသေ့ဆရာကြီးအား မိမိနေအိမ်သို့ ပင့်ဖိတ်ပြီး ဆွမ်းကပ်သည်။ ဆွမ်းဘုဉ်းပေးပြီး၍ ရသေ့ကြီး ပြန်ကြွမည်အပြုတွင် ကုန်သည်သူဋ္ဌေးကြီးက ရသေ့ကြီးအား

အရှင်ရသေ့၊ ပြန်မကြွမီ တပည့်တော်အား တန်ဖိုးရှိသော အဆုံးအမသြ၀ါဒ စကားလေးများ ပြောကြားတော်မူပါ-ဟု ပန်ကြားသည်။

ရသေ့ကြီးက-သူဋ္ဌေးမင်း၊ နောက်တပတ် ဒီလိုအချိန်တွင် ကျွန်ုပ်ကို စောင့်ပါ၊ ထိုအခါ သင်လိုချင်သော တရားအဆုံးအမစကားကို ကျွန်ုပ်မြွက်ကြားမည်။ ယခုသော် ကျွန်ုပ်အတွက် ခရီးဆက်ရန် တာဝန်ရှိ၍ ခွင့်ပြုပေဦးလော့-ဟု ဆိုကာ ကြွသွားလေသည်။

ထိုနေ့မှစ၍ သူဋ္ဌေးကြီးလည်း ရသေ့ကြီး မှာကြားသည့်ရက်ကို လက်ချိုးရေတွက်၍ စောင့်၏၊ တပတ်ကြာသော် ရသေ့ကြီးသည် သူဋ္ဌေးကြီးအိမ်သို့ ဆိုက်ရောက်လာသည်၊ သူဋ္ဌေးကြီးလည်း ကောင်းမွန်သော ချိုချဉ်ခဲဘွယ် ဘောဇဉ်များ လောင်းလှူရန် အထူးစီစဉ်ထားသည်။
ရသေ့ကြီးကြွလာသော် ဆွမ်းလောင်းရန် သပိတ်ကို ဖွင့်လိုက်၏၊ ထိုအခါ ရသေ့ကြီး၏ သပိတ်ထဲတွင် နွားချေးခြောက်များ၊ အမှိုက်သရိုက်များနှင့် ရှုပ်ထွေး ညစ်ပေနေသည်ကို တွေ့ရ၏။ သူဋ္ဌေးကြီးက ရွံရှာလျက်-

ရှင်ရသေ့၊ သပိတ်ထဲမှာ အမှိုက်သရိုက်နဲ့ အညစ်အကြေးများ ပြည့်နှက်နေလို့ပါလား-ဟု ဆို၏။
ထိုအခါ ရသေ့ဆရာကြီးက-သူဋ္ဌေးကြီး၊ သင့်ရဲ့ ဆန္ဒအရ လောင်းလှူစရာရှိတာကိုသာ လောင်းလှူပါ၊ ကျန်သည့်အရေးအတွက် သင်မှာ တာဝန်မပိုသင့်ပါ-ဟု ဆို၏။

သူဋ္ဌေးကြီးက အို-ဒီလိုအညစ်အကြေးတွေနဲ့ ပြည့်နက်နေတဲ့ သပိတ်ထဲကို တပည့်တော် အလွန်ကောင်းမွန်သော ဆွမ်းခဲဘွယ်တွေ လောင်းလှူလိုက်လျှင် အညစ်အကြေးတွေ ဖြစ်သွားမှာပေါ့၊ အရှင်ဘုရား သပိတ်တော်ကို ဆေးကြောသုတ်သင်ပြီးမှ တပည့်တော်ရဲ့ ဆွမ်းခဲဘွယ်ကို လောင်းလှူပါရစေ-ဟု ဆို၏။ ထို့နောက် ရသေ့ဆရာကြီး၏ သပိတ်ကို ရေဖြင့်စင်ကြယ်စွာ ဆေးပြီး ဆွမ်းခဲဘွယ် ချိုချဉ်များကို လောင်းလှူလိုက်သည်။

သူဋ္ဌေးကြီး ဆွမ်းလောင်းလှူပြီးသောအခါ ရသေ့သည် သူ၏သပိတ်ကိုပိုက်ကာ ကြွသွားမည်ပြု၏။
သူဋ္ဌေးကြီးက အရှင်ရသေ့ကြီး၊ ဟိုတခါက ဆိုခဲ့သောစကားကို မေ့လျော့နေပြီ ထင်ပါတယ်၊ တပည့်တော်ကို အဆုံးအမစကား ပြောမယ်ဆိုလို့ တပည့်တော်စောင့်နေတာ တပတ်တိတိ ရှိနေပါပြီ-ဟု ဆို၏။

သြော်-ဒါများလား၊ သင့်ကို ကျွန်ုပ်ပေးခဲ့တဲ့ စကား အဆုံးအမလက်ဆောင် မရသေးဘူးလား၊ ကျွန်ုပ် သင်လိုချင်တဲ့ အဆုံးအမ စကားလက်ဆောင်ကို မကြာသေးခင်သောအချိန်ကပဲ ပေးခဲ့ပြီးပါပြီ၊ အသင် သတိမမူ၍ ဂူမမြင်ခြင်းသာ ဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်ရဲ့ သပိတ်မှာ အညစ်အကြေး အမှိုက်သရိုက်တွေရှိလို့ ကောင်းမွန်တဲ့ ဆွမ်းခဲဘွယ်များကို သင်မလောင်းခဲ့ဘူး မဟုတ်လား။ ဒီလိုပဲ သင့်ရဲ့အတွင်းစိတ်မှာ လောဘ၊ ဒေါသ၊ မောဟ မာန်မာနတွေ ပြည့်လျှံနေတယ်၊ ဒါတွေကို အရင် စင်ကြယ်အောင်လုပ်ပါ၊ ဒါမှ သင်-ကောင်းကျိုးတွေ ရလိမ့်မယ်။

ဤသို့ဆိုကာ ရသေ့ကြီး ထွက်ခွါသွားပါတော့သည်။ ထိုအခါမှ သူဋ္ဌေးကြီးသည် ရသေ့ကြီး၏ အဆုံးအမကို ကောင်းစွာနားလည်သဘောပေါက်သွားသည်၊ ရသေ့ကြီးအား များစွာ ကြည်ညိုလေးစားသွားလေသည်။

( ဟံသူရစော ) ( ဗောဓကထာကို ပြန်ဆိုသည် )
( မြတ်မင်္ဂလာ ၂၀၀၀-ခု ဧပြီလ )

ပုံပြင် ( ၉ )

( လူစင်စစ်က မျောက်ဖြစ်သူ )

ဘုန်းတော်ကြီးတပါးထံတွင် ရာဟုလာအမည်ရှိသော သာမဏေငယ် တပါး ပညာသင်ကြားနေ၏။ ရှင်ရာဟုလာ၏ မိဘနှစ်ပါးတို့သည် ဘုန်းတော်ကြီးနှင့် အကျွန်းဝင်နေကြသည်၊ ဘုန်းတော်ကြီးသည် ရှင်ရာဟုလာကို အကြောင်းပြု၍ မိဘမှားနှင့် တစထက်တစ ရင်းနှီးလာ၏၊ ယုံကြည်စိတ်ချလာ၏၊

တနေ့တွင်ဘုန်းတော်ကြီးက ရာဟုလာ၏ မိဘများအား ရွှေထည်ပစ္စည်းများ ထုပ်ထားသည့် အထုပ်တထုပ်ကို အပ်နှံထား၏။ ဤသို့ဖြင့် ကာလအတန်ကြာမြင့်ခဲ့သည်၊ ရာဟုလာ၏ မိဘများလည်း ဘုန်းတော်ကြီးနှင့် ယခင်ကထက် တိုး၍ပင် ရင်းနှီးကျွမ်းဝင်လာကြသည်။

တနေ့တွင် ဘုန်းတော်ကြီးက သုံးစွဲရန်ကိစ္စ ပေါ်ပေါက်လာသည်၊ ထို့ကြောင့် ရာဟုလာ၏ မိဘများအိမ်သို့ သွားပြီး မိမိ၏ရွှေထုပ်ကို ပြန်လည်ရရှိလိုကြောင်း ပြောကြားသည်။ ရာဟုလာ၏ မိဘတို့သည် ဘုန်းတော်ကြီး အပ်နှံထားသော ရွှေထည်ပစ္စည်းများ အစား ကြေးနီပစ္စည်းများဖြင့် လဲလှယ်လိုက်သည်၊ ထို့နောက် ဘုန်းတော်ကြီးအား အထုပ်ကို ပြန်ပေးလိုက်သည်။

ဘုန်းတော်ကြီးသည် ကျောင်းသို့ရောက်၍ မိမိအထုပ်ကို ဖြေလိုက်သောအခါ ရွှေကို မတွေ့ရဘဲ ကြေးနီ ပစ္စည်းများကိုသာ တွေ့ရသည်။ ဘုန်းတော်ကြီးက ချက်ချင်းပင် ရာဟုလာ၏ မိဘများထံ သွားပြီး မိမိ၏ရွှေထည်ပစ္စည်းများကို တောင်းသည်၊ ရာဟုလာ၏ မိဘများက တရားစွဲလိုက စွဲနိုင်ပါတယ်၊ တပည့်တော်တို့ကတော့ အရှင်ဘုရား အပ်နှံထားတဲ့အတိုင်း ပြန်ပေးလိုက်တာပါပဲဘုရား-ဟု လိမ်ညာ လျှောက်တင်ကြသည်။

ဘုန်းတော်ကြီးသည် အကြံတခုပေါ်လာ၏၊ မျောက်တကောင်ကို ရအောင်ရှာ၍ ရာဟုလာ-ဟု ခေါ်လိုက်လျှင် လာစေရန် သင်ကြားပေးသည်။

ထို့နောက် ဘုန်းတော်ကြီးသည် တပည့်ရှင်ရာဟုလာကို တနေရာ၌၀ှက်ထားပြီး မိဘများအား အခေါ်လွှတ်လိုက်၏၊ မိဘများရောက်လျှင် ရာဟုလာ-ဟု ဘုန်းတော်ကြီးက ခေါ်လိုက်၏၊ ထိုအခါ သင်ကြားထားသည့် မျောက်က ပြေးထွက်လာ၏၊ ဘုန်းတော်ကြီးနားတွင် ပွတ်သီးပွတ်သပ် လုပ်နေ၏၊ မိဘများက-

အရှင်ဘုရား တပည့်တော်တို့၏သား ရာဟုလာ ဘယ်မှာလဲဘုရား-ဟု မေးလျှောက်၏၊ ဘုန်းတော်ကြီးက ဒကာတို့၏သား ရာဟုလာသည် မျောက်ဖြစ်သွားပြီ၊ ဤမျောက်သည် သင်တို့သားပင်တည်း-ဟု မိန့်လိုက်လေ၏။

အရှင်ဘုရား တပည့်တော်တို့ရဲ့သား ရာဟုလာဟာ လူစင်စစ်ဖြစ်ပါတယ်ဘုရား၊ မျောက်မဟုတ်ပါ ဘုရား။
ဒကာတို့ဆီမှာ ဘုန်းကြီးအပ်နှံခဲ့တဲ့ ရွှေတွေဟာ ကြေးနီဖြစ်သွားတယ်၊ အဲသည်လိုပဲ ဒကာတို့ရဲ့သားကလည်း လူစင်စစ်က မျောက်ဖြစ်သွားပြီ။

ဤသို့ဖြင့် ဆရာနှင့်ဒကာ အငြင်းအခုံ ဖြစ်ကြပြီး တရားသူကြီးထံ အဆုံးအဖြတ်ခံယူရန် သွားကြသည်။
ထိုအခါ တရားသူကြီးက အမှုသွား အမှုလာကို အပြန်အလှန် စစ်ဆေးမေးမြန်းပြီး အောက်ပါစီရင်ချက်ကို ချမှတ်လိုက်သည်။

လူသည် မျောက်မဖြစ်နိုင်၊ လူ ပြန်ဖြစ်စေ။
ရွှေသည် ကြေးနီမဖြစ်နိုင်၊ ရွှေပြန်ဖြစ်စေ။
ထို့ကြောင့် ဘုန်းတော်ကြီးသည် ၀ှက်ထားသော ရာဟုလာကို မိဘများအား အပ်နှံလိုက်သည်၊ ရာဟုလာ၏ မိဘများကလည်း ဘုန်းတော်ကြီး၏ ရွှေထည်ပစ္စည်းများကို ပြန်လည် ပေးအပ်လိုက်ရလေတော့သည်။

( မနုဓမ္မသတ် ) စိတြ

( မြတ်မင်္ဂလာ ၁၉၉၂-ခု ဒီဇင်ဘာလ )

ပုံပြင် ( ၈ )

( ကျေးလိမ္မာ )

ဘုရင်တပါးသည် မြစ်အတွင်း ရေချိုးနေစဉ် ကာရံထားသော ပိုက်ကွန်၌ သရက်သီးတလုံး ငြိကပ်လာသည်။ ဘုရင်သည် သရက်သီးကို အလွန်စားလိုသည်။ သို့သော် အမှည့်လွန်နေ၍ မစားဖြစ်ချေ။ မိမိမွေးမြူထားသည့် ကျေးလိမ္မာ တကောင်အား သရက်သီးကိုပြ၍ အရှာလွတ်လိုက်သည်။ ကျေးလိမ္မာသည် သရက်သီးအကြောင်း စုံစမ်းလျက် ဘီလူးစောင့်သည့် သရက်ပင်သို့ ရောက်သွားသည်။

ကျေးလိမ္မာက သရက်ပင်စောင့် ဘီလူးအား သရက်သီးရလိုကြောင်း ပြောသည်။ ဘီလူးက ဝေဿ၀ဏ်နတ်မင်းကြီးအား ဆက်သရသည့် သရက်သီးများဖြစ်၍ မပေးနိုင်ကြောင်း ပြောသည်။

ထိုအခါ ကျေးသားက ဝေဿ၀ဏ်နတ်မင်းကြီး၏ ဆရာ ရှိ-မရှိမေးသည်။ ဘီလူးက ဈာန်ရရသေ့ကြီးသည်
၎င်း၏ ဆရာဖြစ်ကြောင်း ပြောပြသည်။

ကျေးလိမ္မာသည် ဈာန်ရရသေ့ထံ ချဉ်းကပ်လျက် အကျိုးအကြောင်း လျှောက်သည်။ ရသေ့ကြီး နှစ်သက်သဘေကျသဖြင့် ဝေဿ၀ဏ်နတ်မင်းကြီးလှူသော သရက်သီးနှစ်လုံး အနက် တလုံးကို ချီးမြှင့်လိုက်သည်။

ကျေးလိမ္မာသည် သရက်သီးကို လည်တွင်ဆွဲ၍ နန်းတော်သို့ ပြန်လာရာ ခရီးဝေးလှသဖြင့် ဘုရင်လက်သို့အရောက်တွင် သရက်သီးမှာ ပုပ်ပြီး အစေ့သာလျှင် ကျန်တော့သည်။

ဘုရင်က သရက်စေ့ကိုယူ၍ ( မိမိ စားသုံးထိုက်သည် မှန်ပါက ၇-ရက်အတွင်း အပင်ပေါက်စေသတည်း )-ဟု အဓိဋ္ဌာန်၍ စိုက်သည်။ သရက်သီးသည် အဓိဋ္ဌာန်အတိုင်း ၇-ရက်အတွင်း အပင်ပေါက်လာ၏။
ထိုအပင်မှ သရက်သီးမှည့်လျှင် ဥယျာဉ်မှူး အဘိုးအိုအား နံနက် ပွဲတော်မီ ဆက်သရန် အမိန့်ပေး၏။
အဘိုးအိုသည် သရက်သီးမှည့်သည်နှင့် ခူးဆွတ်ထား၏။ ထိုညတွင် အဆိပ်ပြင်းသည့် မြွေတကောင်သည် သရက်သီးမှည့်နံ့ရ၍ သရက်သီးကိုငုံ၍ စုပ်သွားသည်။ မြွေဆိပ်များသည် သရက်သီးအတွင်း ပျံ့နှံ့သွားသည်။

အဘိုးအိုသည် ထိုအကြောင်းကို မသိသောကြောင့် နံနက်လင်းသော် ဘုရင်အား ဆက်သလိုက်သည်။ ဘုရင်က ချက်ချင်း မသုံးဆောင်သေးဘဲ သေဒဏ်စီရင်ချက် ချခံထားသူ တဦးအား အနည်းငယ် စားသုံးစေရာ စားပြီးမကြာမီ ထိုနေရာ၌ပင်သေဆုံးသွား၏။

ရှင်ဘုရင်သည် သရက်သီးမှာ အဆိပ်ဖြစ်နေသည်-ဟု မှတ်ထင်ကာ အရှက်ရ ဒေါသ ထွက်သွားသည်။ ထို့ကြောင့် ကျေးလိမ္မာ၏ လည်ပင်းကို ကွမ်းညှပ်ဖြင့် ကိုက်ဖြတ် သတ်လိုက်သည်။ ထို့ပြင် သရက်ပင်ကိုလည်း အဆိပ်ပင်ဖြစ်ကြောင်း ကြေညာထားသည်။

တနေ့တွင် ဥယျာဉ်မှူး အဘိုးအို လင်မယား ရန်ဖြစ်ကြသည်။ အဘိုးအိုက စိတ်ဆိုးပြီး အဆိပ်သီးစား၍ သေတော့မည်ဆိုကာ သရက်သီးကို ဆွတ်ခူးကာ တလုံးကုန်အောင် စားလိုက်၏။ သို့သော် အဘိုးအိုသည် မသေရုံမျှမက အရွယ် ပြန်လည်နုပျိုလာ၏။

ထို့ကြောင့် ဥယျာဉ်မှူးအဘိုးအဘွားတို့က ဘုရင့်ထံ အကျိုးအကြောင်း လျှောက်ထားကြသည်။ ဘုရင်နှင့်တကွ နန်းတွင်းသူ နန်းတွင်းသားများ သရက်သီးကို စားသုံးကြရာ အားလုံးပင် နုပျိုလာကြသည်။

သို့သော်လည်း ဘုရင်သည် သရက်သီး ယူဆောင်လာသည့် ကျေးလိမ္မာအား ဒေါသကြောင့် သတ်ခဲ့မိပြီးဖြစ်၏။ ထို့ကြောင့် ဘုရင်မှာ မဆင်မခြင် လုပ်မိလေခြင်းဟု နောင်တရ ပူပန်မဆုံး ဖြစ်ရလေ၏။
( စိတြ )

( မြတ်မင်္ဂလာ ၁၉၉၂-ခု နိုဝင်ဘာလ )

ပုံပြင် ( ၇ )

( ဓမ္မစကြာ မယ်ဟေမာ )

သီရိလင်္ကာကျွန်း အနုရာဓမြို့တွင် ဟေမာအမည်ရှိ အမျိုးသမီးတဦး ရှိသည်။ မဟေမာသည် လှပ တင့်တယ်၍ ဉာဏ်ပညာ ထက်မြက်၏။

တနေ့သောအခါ ဖခင်နှင့်အတူ ဘုန်းတော်ကြီးကျောင်းသို့ သွား၍ တရားနာကြသည်။ သံဃာတော်အရှင်မြတ်တို့က ဓမ္မစကြာတရားတော်ကို ဟောကြားကြသည်။
မဟေမာသည် ဉာဏ်ပညာထက်မြက်သူဖြစ်၍ ဓမ္မစကြာ တရားတော်ကို ပုဒ်ပါဌ်အက္ခရာ မှန်ကန်စွာ ရွတ်ဆိုနိုင်ခဲ့သည်။ တရားတော်၏ နက်နဲသိမ်မွေ့သည့် သဘောတရားကိုလည်း နက်ရှိုင်းစွာ သဘောပေါက်သွားသည်။

တနေ့တွင် မဟာတိတ္တရွာမှ ကုန်သည်လုလင်ပျို တဦးသည် အနုရာဓမြို့သို့ ရောက်ရှိလာပြီး ကုန်ပစ္စည်းများကို မြိ့အတွင်း လှည့်လည်ရောင်းချသည်။ ထိုစဉ် ကုန်သည်လုလင်ပျိုသည် မဟေမာအိမ် အနီး ရောက်ရှိသွားပြီး မဟေမာကို မြင်ရစဉ်တွင် ဘ၀ဟောင်းမှ ရေစက်ကြောင့် ချစ်ခင်စွဲလမ်းသွားသည်။

ထို့ကြောင့် မဟေမာနှင့် အဆွေခင်ပွန်း ဖွဲ့သည်။ ရင်းနှီးကျွမ်းဝင်မှု ရှိလာသောအခါ မဟေမာအိမ်မှာပင် နေထိုင်ခဲ့သည်။ သို့သော် ကုန်သည် လုလင်ပျိုသည် မဟေမာ၏ မိဘများကို ပန်ကြားပြောဆို၍ မဟာတိတ္တရွာသို့ ခေတ္တပြန်သွားသည်။

မဟာတိတ္တရွာသို့ ရောက်ရှိပြီးနောက် ကုန်သည် လုလင်ပျိုသည် မဟေမာအား လွမ်းဆွတ်လှသော်လည်း ကုန်ရောင်းကုန်ဝယ်ကိစ္စ မပြီးပြတ်သောကြောင့် ရက်ပေါင်းအတော်ကြာ မပြန်ဖြစ်ချေ။

မဟောမာသည် ကုန်သည်လုလင်ပျို ပြန်လာနိုးဖြင့် စောင့်မျှော်နေခဲ့သည်။ အတွင်းဆွေး ဆွေးလျက် စိတ်ပူပင်သောက ရောက်နေခဲ့ရသည်။
တညဥ့်တွင် မဟေမာသည် ကုန်သည်လုလင်ပျို နောက်သို့ လိုက်ရန် တယောက်တည်း တိတ်တဆိတ် ထွက်လာခဲ့သည်။ ကုန်းပေါ်မှ သွားနေရလျှင် တော်တော်နှင့် ရောက်မည်မဟုတ်။ သမုဒ္ဒရာကို လက်ပစ်ကူးပြီး အမြန်ရောက်အောင်သွားမည်-ဟု ကြံမိသည်။

ထိုသို့ ကြံပြီးနောက် မဟေမာသည် ဆံပင်ကို မြဲမြံစွာထုံး၍ အ၀တ်များကို တင်းကျပ်အောင် ၀တ်လိုက်ပြီး သမုဒ္ဒရာအတွင်းသို့ ဆင်းကာ လက်ပစ်ကူးတော့သည်။

သမုဒ္ဒရာအလယ်သို့ တဖြည်းဖြည်း ရောက်ရှိသွားသောအခါ မဟေမာကို နဂါးမင်းက မြင်တွေ့သွားသည်။ သမုဒ္ဒရာကို လက်ပစ်ကူးနေသော အမျိုးသမီးကို မြင်ရသဖြင့် မဟေမာအား ဟဲ့-သူငယ်မ၊ လှိုင်းတံပိုးတွေ ထနေတဲ့ သမုဒ္ဒရာကြီးကို မျက်စိစုံမှိတ်ပြီး ကူးနေတာ မကြောက်ဘူးလား။ နင် ဘယ်သူလဲ-ဟု မေးပြန်သည်။

ထိုအခါ မဟေမာ-က အို-နဂါးမင်း၊ ကျွန်တော်မသည် ချစ်သူအတွက် အသက်ကိုစွန့်ပြီး လက်ပစ်ကူးလာသူ ဖြစ်ပါတယ်။ ချစ်တဲ့သူနဲ့ အတူမနေရလျှင် သေရတာနဲ့ အတူတူပါပဲ-ဟု ဖြေကြားသည်။

ထိုစကားကို နဂါးမင်းကြားလျှင် အို-သူငယ်မ၊ အချစ်အတွက်နဲ့ အသက်ကို မဆုံးရှုံးစေသင့်ဘူး၊ သီရိလင်္ကာကျွန်းမှာ နေကြတဲ့သူတွေဟာ အများအားဖြင့် ဘုရားရဲ့ တရားတော်တွေကို နှလုံးသွင်းကြတယ်လို့ သိရတယ်။ သင်ကော တရားတော်ကို သိမှ သိရဲ့လား-ဟု မေးမြန်းသည်။

မဟေမာ-က မိမိနေ့စဉ် နှလုံးသွင်းလျက်ရှိသည့် ဓမ္မစကြာတရားတော်ကို အကျယ်ဝေဖန် နားလည်သိရှိကြောင်း ပြန်လည်ဖြေကြားလိုက်သည်။ ထိုအခါ နဂါးမင်းသည် သမုဒ္ဒရာအတွင်း ရတနာမဏ္ဍပ်ကြီးတခု ဖန်ဆင်းပေးပြီး မဟေမာအား ဓမ္မစကြာတရားကို ဟောကြားရန် လက်အုပ်ချီ တောင်းပန်သည်။

မဟေမာသည် နဂါးမင်းအား ဓမ္မစကြာတရားတော်ကို မှတ်သားလေ့လာထားသည့်အတိုင်း အစမှအဆုံးတိုင် ဟောကြားသည်။ နဂါးမင်းသည် ဓမ္မစကြာတရားတော်ကို နာကြားရသဖြင့် အတိုင်းမသိ ၀မ်းမြောက်သွားသည်။ ထို့ကြောင့် မဟေမာအား လက်ဆောင်အဖြစ် အလိုရှိတိုင်း ရစေနိုင်သည့် ပတ္တမြားရတနာကို ပေးအပ်လိုက်သည်။

ထို့ပြင် မဟေမာကိုလည်း မဟာတိတ္တရွာရှိ ကုန်သည်လုလင်ပျို၏ အိမ်အရောက် ညတွင်းချင်း ပို့ဆောင်ပေးလိုက်သည်။

နံနက်လင်းလျှင် ရွာသူရွာသားတို့သည် မဟေမာအား မြင်သွားကြသည်။ အချိန်အခါမဟုတ် ရောက်ရှိလာသည့်အတွက် စူးစမ်းကြသည်၊ မဟေမာက ဖြစ်ကြောင်းကုန်စင် ပြောပြသော်လည်း မည်သူမျှ မယုံကြပေ။
ထို့ကြောင့် မနာလိုသူများသည် အနုရာဓမြို့တော်ရှိ မင်းထံသို့ သွားရောက် သံတော်ဦးတင်ကြသည်။ မင်းကြီးသည် မဟေမာအား ရှေ့တော်သို့ သွင်းစေသည်။ ပတ္တမြားရတနာကို မင်းချင်းတို့အား ယူခိုင်းသည်။ ထိုသို့ယူသောအခါ ပတ္တမြားရတနာသည် ကျောက်ခဲတုံးကြီးကဲ့သို့ ဖြစ်သွားသည်။ မဟေမာ၏ လက်ထဲ ပြန်ထည့်သောအခါ မူလအတိုင်း ပတ္တမြားဖြစ်ပြန်သည်၊ ဤသို့  သုံးကြိမ်တိတိ ဖြစ်နေသဖြင့် ဘုရင်ကြီးလည်း အံ့အားသင့်သွားသည်။

မဟေမာက အဖြစ်မှန်ကို မခြွင်းမချန် လျှောက်တင်လိုက်သည်။ ဘုရင်ကြီးသည် လွန်စွာနှစ်သက် အားရတော်မူသဖြင့် မဟေမာအား အသပြာတထောင် ချီးမြှင့်သည်။ မဟာတိတ္တရွာကိုလည်း အပိုင်စား ပေးသနားလိုက်သည်။ ထိုအချိန်မှစ၍ -- ဓမ္မစကြာ မယ်ဟေမာ-ဟူသော အမည်ထူးကိုလည်း ရရှိလိုက်သည်။
( မဓုရ ရသ၀ါဟိနီ-၄၁)

( စိတြ )
( မြတ်မင်္ဂလာ ၁၉၉၂-ခု အောက်တိုဘာလ )

ပုံပြင် ( ၆ )

( ပိယောလ မုဆိုး )

ပိယောလ-သည် သီဟိုဠ် (သီရိလင်္ကာ)ကျွန်း၊ မဟာဂါမပြည်၊ ရောဟဏဇနပုဒ်တွင် ထင်ရှားသည့် မုဆိုးကြီးဖြစ်သည်။ သူ့အသက်မပါဘဲ စားလေ့မရှိချေ။

တနေ့တွင် ပိယောလသည် သားကောင်တကောင်မျှ မရရှိသဖြင့် အိမ်သို့ စိတ်ပျက်လက်ပျက် ပြန်လာခဲ့သည်။
အိမ်ရှိ နွားငယ်တကောင်ကို သတ်ရန် ကြံစည်လျက်ရှိသည်။ ထို့ကြောင့် မြက်စည်းကို ပြ၍ နွားငယ်ကို မြူခေါ်သည်။

နွားငယ်က မြက်စည်းကို စားမည်ပြုစဉ် နွားငယ်၏လျှာကို အသင့်ယူထားသည့် ဓားဖြင့် ဖြတ်လိုက်သည်။ နွားငယ်ကား ပါးစပ်တခုလုံး သွေးခြင်းခြင်းနီရဲလျက် ရှိသည်။ ပိယောလမှာ နွားငယ်၏ ခုန်ဆွခုန်ဆွ ဖြစ်နေပုံကို ကြည့်၍ သဘောတွေ့နေသည်။ နွားငယ်၏ လျှာကို မီးမှာကင်၍ စားပစ်လိုက်သည်။

ထိုညက တညလုံး ပိယောလ အိပ်မပျော်၊ တူဖြင့် အထုခံရသလိုလို စူးချွန်ဖြင့် အထိုးခံရသလိုလို ဝေဒနာခံစားနေရသည်။ တညလုံး အော်ဟစ် ညည်းညူနေရသည်။

မနက်လင်းသည်နှင့် ပိယောလ ဆောက်တည်ရာမဲ့ ဖြစ်နေသည်။ ရောဟဏဇနပုဒ်ရှိ တိဿမဟာဝိဟာရ ကျောင်းတိုက်သို့ သွား၍ မထေရ်ကြီးထံ ကယ်မ,သနားရန် လျှောက်ထားသည်၊ မထေရ်ကြီးက-

ဒကာ မုဆိုး၊ သားကျွေးမှု မယားကျွေးမှုတွေအတွက် သူ့အသက်သတ်ခြင်းစတဲ့ မကောင်းမှုတွေကို ကျူးလွန်ရင် ငရဲခံရမှာပဲ၊ ဘယ်သူမှ ကိုယ့်အတွက် လာခံလို့ရမှာ မဟုတ်ဘူး-ဟု မိန့်တော်မူသည်။

ထို့နောက် ဘုရားရှင် ဟောတော်မုခဲ့သော ဒေ၀ဒူတသုတ္တန် တရားတော်ကို မုဆိုးကြီးအား အကျယ်ဟောပြတော်မူသည်၊ ပိယောလသည် ထိုသုတ္တန်ကို နာကြားပြီးနောက် လွန်စွာထိတ်လန့် တုန်လှုပ်သွားသည်။ ထို့ကြောင့်-

အရှင်ဘုရား၊ ယနေ့မှစ၍ သူ့အသက် မသတ်တော့ပါဘုရား-ဟူ၍ ၀န်ခံကတိပြုပြီး အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်လျှင်
မုဆိုး အသုံးအဆောင်များ အားလုံး လွှင့်ပစ်လိုက်သည်။

တနေ့တွင် ပိယောလသည် အဖော်များနှင့်အတူ သမုဒ္ဒရာကမ်းခြေ၌ ရေချိုးနေကြသည်။ သမုဒ္ဒရာအတွင်းရှိ ရေနဂါး တကောင်က ပိယောလအား တကိုယ်လုံးရစ်ပတ်ပြီး ညှစ်သတ်ရန် ကြိုးစားသည်။ ပိယောလသည် နဂါးဘေးမှ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းထွက်သော်လည်း မရဘဲ ဖြစ်နေသည်။

ထိုစဉ် တိဿမဟာဝိဟာရ မထေရ်မြတ်၏ ဒေ၀ဒူတသုတ္တန် တရားတော်ကို သတိရပြီး-
ဒေ၀ဒူတသုတ္တန်သည် ဘုရားရှင်၏ နှုတ်ကပါဌ်တော်အစစ်အမှန် ဖြစ်ပါသည်။ ဘုရားသားတော် သံဃာတော်များသည်လည်း ထိုသုတ္တန်ကို ဟောပြတော်မူကြပါသည်။ ထိုရတနာသုံးပါး ဂုဏ်ကျေးဇူးတော်ကြောင့် ကျွန်ုပ်အား အသက်အန္တရာယ် မဖြစ်ပါစေသတည်း-ဟု စိတ်ထဲမှ သစ္စာပြုလိုက်၏။ ငါ မသေနိုင်-ဟုလည်း စိတ်ကို အားတင်းထားလိုက်၏။

ထိုအခါ နဂါးမင်းသည် ပိယောလအား အကြိမ်ကြိမ် အထပ်ထပ် ရစ်ပတ်ဖျစ်ညှစ်သတ်သော်လည်း ပြေလျှော၍သာ နေ၏။ မဖြစ်ဘူး မကြုံဘူး ထူးဆန်းနေသဖြင့် နဂါးမင်းက ပိယောလမအား နဂါးပြည်သို့ ခေါ်ဆောင်သွား၏။

နဂါးပြည်သို့ ရောက်လျှင် နဂါးမင်းက-
အမောင်လုလင်၊ သင် ကျွန်ုပ်သတ်မှာကို ဘာကြောင့် မကြောက်သလဲ၊ သင့်မှာ ဘာ အဆောင်များ ထားရှိသလဲ-ဟု မေးသည်။ ပိယောလက-
အို နဂါးမင်း၊ မြတ်စွာဘုရား ဟောကြားထားတဲ့ မကြောက်-တရားတော်ကို ကျွန်ုပ်နာကြားဖူးလို့ မကြောက်ခြင်းဖြစ်ပါတယ်။ ဒီတရားတော်ဟာ ကျွန်ုပ်ရဲ့ အဆောင် ၀ရဇိန် လက်နက်ပါပဲ-ဟု ပြန်ဖြေလိုက်သည်။

ထိုအခါ နဂါးမင်းက-
သေရမည်ကို မကြောက်သော တရား နာကြားလိုပါသည်-ဟု တောင်းပန်သဖြင့် ဒေ၀ဒူတသုတ္တန်ကို ထပ်မံ ဟောပြလိုက်သည်။ နဂါးမင်းက ကျေးဇူးတင် ၀မ်းမြောက် ကြည်ညိုလှသဖြင့် ဣစ္ဆာသယ ပတ္တမြားတလုံးကို ပိယောလအား လက်ဆောင်ပေးသည်။ အိမ်သို့လည်း ပြန်ပို့ပေသည်။

ပိယောလသည် ထိုပတ္တမြားကို အမှီပြု၍ သား မယားနှင့်တကွ အေးချမ်းစွာ နေထိုင် စားသောက်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်၍ နေသည်။
မကြာမီ ပိယောလသည် ပတ္တမြားရတနာကို သားမယားတို့အား လွှဲအပ်လိုက်သည်။ တိဿမဟာဝိဟာရ ကျောင်းတိုက်သို့ သွား၍ ပိယောလ ရဟန်းပြုသည်။ ထိုကျောင်း၌ ဒေ၀ဒူတသုတ္တန်ကို ထပ်မံနာကြား၍ ၀ိပဿနာရှုပွားရာ ရဟန္တာဖြစ်တော်မူသည်။

မဟာဂါမ နေပြည်တော်၌ ပိယောလ၏ သတင်း တမုဟုတ်ချင်း လွင့်သွားသည်။ မုဆိုးကြီးအဖြစ် လူသိများခဲ့သည့် ပိယောလသည် ယခုအခါ ရဟန်းဘ၀ဖြင့် တရားရှုမှတ်၍ ရဟန္တာဖြစ်သွားသည့်အခါ အထုးအဆန်းဖြစ်ရလေသည်။ မယုံတ၀က် ယုံတ၀က်ဖြင့် သတင်းအတိအကျသိရန် စုံစမ်းကြသည်။ နောက်ဆုံးတွင် ပိယောလ၏ သတင်းမှန်ကို သိသွားကြသည်။

ဒီလောက်တောင် သူ့အသား မစားရ မနေနိုင် ကြမ်းကြုတ်ခက်ထန် ရက်စက်ယုတ်မာလှတဲ့ မုဆိုးကြီးတောင်မှ ရဟန္တာဖြစ်သွားသတဲ့။ အံ့စရာပဲ၊ တရားတော်ဟာ တကယ်လုပ်ရင် အဟုတ်ဖြစ်ပါကလား-ဟု ဆိုကာ နေရာများစွာတို့၌ ပြောဆိုချီးကျူး အံ့သြနေကြတော့သည်။

ပိယောလမထေရ်ကို အကြောင်းပြု၍ များစွာသော သူတို့သည်လည်း ကုသိုလ်ကောင်းမှု ကြိုးစားပြုလျက် တရားဘာဝနာ အားထုတ်ကာ နေလေသတည်း။ ( မဓုရ ရသ၀ါဟိနီ-၄၀ )

( နန်းပွင့်စံ )

( မြတ်မင်္ဂလာ-၁၉၉၂-ခု စက်တင်ဘာလ )

ပုံပြင် ( ၅ )

( စိတ်ထားဖြူစင် မြင့်မြတ်လျှင် )

သိကြားမင်းကြီးတွင် ချစ်မငြီးသည့် သမီးတော် လေးပါး ရှိလေသည်၊ အာသာ, သဒ္ဓါ, သီရိ, ဟီရိ တို့ဖြစ်ကြသည်၊
သမီးတော် လေးပါးစလုံး အလွန်လှပကြသည်၊ တနေ့တွင် အနောတတ်အိုင်၌ ရေကစားကြပြီး ဆေးဒန်းမြင်းသီလာ ကျောက်ဖျာထက်၌ လေးယောက် အတူတကွ အနားယူနေကြသည်၊ ထိုအခါ နာရဒရသေ့ တပါးသည် ပင်လယ်ကသစ်ပန်းပွင့်ကြီးကို ထီးသဖွယ် ဆောင်း၍ မိမိနေရာ လိုဏ်ဂူသို့ ဈာန်ဖြင့် ပျံကြွလာလေသည်၊ နတ်သမီးလေးပါးတို့ အနားယူနေရာ ကျောက်ဖျာထိပ်သို့ ရောက်လာသည်။

ပင်လယ်ကသစ်ပွင့်၏ နီရဲနေသောအရောင်မှာ လင်းထိန်လျက်ရှိသည်၊ မွှေးရနံ့မှာလည်း ယူဇနာတရာ တိုင်အောင် မွှေးပျံ့လျက်ရှိသည်၊ နတ်သမီးလေးပါးတို့ ထိုပင်လယ်ကသစ်ပွင့်ကြီးကို မြင်လေသော် သူလိုချင်သည်၊ ငါလိုချင်သည်နှင့် အလုအယက် တောင်းကြလေသည်၊ ထိုအခါ ရှင်ရသေ့က သင်တို့အထဲမှ မြင့်မြတ်သောသူ ယူပါ၊ မည်သူ မြတ်သည်ကို မျက်စိတထောင် အလင်းဆောင်သော ဘခင်သိကြားမင်းကြီးထံ သွားမေးကြပါ-ဟု ဆိုလေသည်၊ ရှင်ရသေ့၏ စကားကို ကြားသည်နှင့် နတ်သမီးလေးပါးတို့သည် ချက်ချင်းပင် သိကြားမင်းကြီးထံ သွားမေးကြလေသည်။

သိကြားမင်းကြီးကလည်း မိမိ၏သမီးချည်းသာ ဖြစ်သောကြောင့် မည်သူကို မြတ်သည်-ဟု ပြောလိုက်လျှင် ကျန်သမီးသုံးယောက် ရှက်သွားမည်စိုးသဖြင့် မပြောချင်ပါ၊ ငါကဲ့သို့ တရားတတ်သူ၊ သီလစောင့်သူ၊ ကောသိယ ရသေ့မြတ်သည် ဟိမ၀န္တာ၌ ရှိပါသည်၊ မည်သူမြတ်ကြောင်း အဆုံးအဖြတ်ပြုရန် ကောသိယ ရသေ့ထံ သွားမေးပါ-ဟု ဆိုလေသည်၊ ထိုကောသိယ ရသေ့၏ အကျင့်ဓလေ့ကား သူ့ထံ ရောက်လာသူတို့ အနက်မှ မြင့်မြတ်သူကို ရွေးချယ်၍ မိမိ၏စားဦးကို ကျွေးလေ့ရှိသည်၊ ထို့ကြောင့် အနံ့အရသာနှင့် ပြည့်စုံသော စားဖွယ်တို့ကို ငါယခု ပို့လိုက်ပါမည်၊ မယ်တို့သွား၍ တောင်းကြပါလော့၊ ရှေးဦးဆုံး စားဦးကို ရသောသူကို တရားသဖြင့် ရသောကြောင့် ကျန်သုံးယောက်က မငြူစူကြပါနဲ့-ဟူ၍ ဘခင် သိကြားမင်းကြီးက ရှေးဦးကတည်းကပင် ပြောကြားထားပါသည်။

ထိုအခါ သိကြားမင်းကြီးသည် နတ်သမီးလေးပါးတို့ကို သိန္ဓောမြင်းတထောင် မောင်းနှင်သော နတ်ရထားပျံဖြင့် နတ်သား မာတလိကို ဦးစီးစေပြီး ကောသိယ ရသေ့ထံ နတ်သုဒ္ဓါဆွမ်းကို လှူရန် စေလွှတ်လိုက်လေသည်၊ ရသေ့ထံ ရောက်သောအခါ နတ်စမီးလေးပါးတို့တွင် သီရိနတ်သမီးမှာ အရှေ့ဘက်တွင်တိုင်လျက်၊ တောင်ဘက်တွင် အာသာ၊ အနောက်ဘက်တွင် သဒ္ဓါ၊ မြောက်ဘက်တွင် ဟီရ၊ အစဉ်အလိုက် နေရာယူကြလေသည်၊ ပြီးမှ ရှင်ရသေ့ထံ နတ်သြဇာကို ကျွေးပါရန် တောင်းခံကြလေသည်။

ထိုအခါ ကောသိယ ရသေ့သည် နတ်သမီးလေးပါးတို့၏ အမည် အသီးသီးကို မေးလေသည်၊ မကောင်းမှု ပြုလုပ်ရာတွင် ရှက်ခြင်းဟု အဓိပ္ပါယ်ရသော နတ်သမီးအငယ်ဆုံး ဟီရိ-သည် အမည်နှင့် လိုက်ဖက်အောင် အရှက်စောင့်သဖြင့် ရသေ့၏ စားဦးနတ်သုဒ္ဓါကို ရလေသည်။

မကောင်းမှု ပြုလုပ်ရာတွင် ရှက်ခြင်းသည် ဟီရိ-မည်၏၊ မကောင်းမှု ပြုလုပ်ရာတွင် ကြောက်ခြင်းသည် သြတ္တပ္ပမည်၏၊ ထို့ကြောင့် လောက၌ လူတို့သည် မကောင်းမှု ပြုလုပ်ရန် ရှက်ခြင်း၊ ကြောက်ခြင်း၊ ဟီရိ၊ သြတ္တပ္ပ တရားတို့နှင့် ပြည့်စုံရန် လိုအပ်ပါသည်၊ သို့မှသာ စိတ်နှလုံးထား လှပ၍ စိတ်ထားဖြူစင် မြင့်မြတ်သူ၊ ကိုယ်ကျင့်တရား ကောင်းမွန်သူများအဖြစ် လောကအလယ်တွင် တင့်တယ်နိုင်ပေမည်။ ( သံဝရပျို့ ပိုဒ်ရေ ၇၇-မှ ၈၂ ကို မှီးပါသည် )

( ခင်ဆန်းဦး )
( မြတ်မင်္ဂလာ ၁၉၉၁-မေလ )

ပုံပြင် ( ၄ )

( ၀ီရိယရှိမှ နတ်ကောင်းမ )

တခါက တောင်သူကြီးတယောက်သည် မိမိလုပ်ကိုင်နေသော လယ်မြေမှ အသီးအနှံများ ကောင်းမွန်စွာ ထွက်ရှိစေရန်အတွက် မိမိလယ်မြေ ခြံစည်းရိုးအနီးတွင်ရှိသော သစ်ပင်ကြီးတပင်မှ ရုက္ခစိုးနတ်မင်းကြီးအား ကိုးစားသမှုပြု၍ တိုင်တည်ဆုတောင်းလေ့ရှိသည်၊ တောင်သူကြီးက - အရှင် ရုက္ခစိုးနတ်မင်း၊ ကျွန်ုပ်၏ လယ်ယာခင်းမှ ကောက်ပဲ သီးနှံတို့ များပြားထွက်ရှိအောင် စောင်မတော်မူပါ-ဟူ၍ နေ့စဉ်ဆုတောင်းလေ့ရှိသည်၊ သို့ရာတွင် မိမိလုပ်ရမည့် တောင်သူလယ်သမားတို့ ၀တ္တရားဖြစ်သော ရေလောင်း၊ ပေါင်းသင်၊ မြေသြဇာချ စသည်တို့ကိုကား မှန်မှန်မပြုလုပ်ပေ၊ ရုက္ခစိုးနတ်မင်းကြီးက မ,လိမ့်နိုးနိုး မျှော်ကိုးကာသာ တွင်တွင်ကြီးသာ ဆုတောင်းနေတော့၏။

ထိုသို့ နေ့တိုင်းဆုတောင်းကာ စားသောက်ဖွယ်ရာများဖြင့် တင်ဆက် ပ,သသော်လည်း ထိုတောင်သူကြီး၏ လယ်ယာသီးနှံများမှာ ထူးခြားစွာ တိုး၍ထွက်မလာပေ၊ တနေ့တွင် ရုက္ခစိုးနတ်ခမျာ မနေသာတော့ပေ၊ ၀ီရိယမရှိသော တောင်သူကြီးအား - အမောင် ယောက်ျား၊ ငါ့ကိုချည်း အားကိုးနေ၍ သင်၌ ဘယ်အကျိုး ရှိအံ့နည်း၊ တောင်သူဖြစ်လျှင် တောင်သူအလျောက် လုံ့လစိုက်ထုတ်မှု ရှိရမည်၊ မြေသြဇာ ထက်သန်ကောင်းမွန်အောင် မြေသြဇာချချိန်တွင် မြေသြဇာချ၊ ကြဲချိန် စိုက်ချိန်တွင် ကြဲ,စိုက်၊ ပေါင်းမြက်သင်ချိန်တွင် သီးနှံပင်များ ရှင်သန်ထွားကျိုင်းလာအောင် ပေါင်းမြက်ကို သုတ်သင်ပါလေ၊ လုံ့လည်းကူ ဉာဏ်လည်းကူ မြေသြဇာလည်းချ ငါလည်းမ-ဟု ဆိုပြီး ပျောက်ကွယ်သွားတော့သည်။

ထိုနောက်တွင်ကား တောင်သူကြီးသည် ရုက္ခစိုးနတ်ကြီးစကားကို နာယူကာ ဆုတောင်းချည်းမနေတော့ပဲ နေ့စဉ် နံနက်စောစောထ၍ မိမိလယ်ယာသို့ရောက်အောင် သွားလေသည်၊ တောင်သူတို့အလုပ်ဖြစ်သော ရေလောင်းခြင်း၊ ပေါင်းမြက်သုတ်သင်ခြင်း၊ မြေသြဇာ လိုသည့်အပင်များအား မြေသြဇာထည့်ပေးခြင်း စသည့် အလုပ်များကို အားကြိုးမာန်တက် လုပ်ကိုင်သည်၊ မကြာမီ ထိုတောင်သူကြီး၏ လယ်ယာမြေမှ သီးနှံများမှာ ထူးခြားစွာ ဖွံ့ဖြိုးလာပြီး အထွက်တိုးပွားလာလေတော့သတည်း။

( မောင်မြင့်ထွန်း )

ပုံပြင် ( ၃ )

( ကိုယ်လုပ်တာ ကိုယ်ခံ )

ရသေ့တပါးသည် ရွာတရွာ၏အနီး၌ သစ်ခက်ကျောင်းကလေး တကျောင်း ဆောက်ပြီးနေသည်၊ ရသေ့သည် ထိုသစ်ခက်ကျောင်းကလေးတွင် တရားဘာဝနာ စီးဖြန်းနေလေသည်၊ နေ့စဉ်နေ့တိုင်း နံနက်အချိန်တွင် ရွာထဲသွားပြီး ဆွမ်းဆန်နှင့်စားဖွယ်များ အလှူခံသည်၊ ရွာထဲတွင် အိမ်ပေါက်စေ့သွားပြီး ( သူတပါးအတွက် ကောင်းကျိုးဆောင်ရွက်လျှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ရမည်၊ သူတပါးအတွက် ဆိုးကျိုးလုပ်လျှင် ဆင်းရဲဒုက္ခ ရောက်ရမည်၊ ကိုယ်လုပ်သည့်အတိုင်း အကျိုးခံစားရမည် ) ဟူသော သြ၀ါဒကိုလည်း ပေးလေသည်။
ထိုရွာ၌ မိန်းမကြီးတယောက်ရှိသည်၊ ထိုမိန်းမကြီးသည် ရသေ့၏သြ၀ါဒစကားကို ကြားကြားနေရသည်၊ သို့သော်လည်း ရသေ့ပြောသော တရားစကားကို အယုံအကြည်မရှိပေ၊ သူ့မျက်မှောက်တွင် များသောအားဖြင့် မကောင်းမှု ဒုစရိုက် ကျူးလွန်သူများသည် ချမ်းချမ်းသာသာနေရပြီး မကောင်းမှုရှောင်ကြဉ်နေသူများက ဆင်းဆင်းရဲရဲ နေကြရသည်၊ မိန်းမကြီးသည် ရသေ့၏သြ၀ါဒစကားကို စမ်းသပ်ကြည့်လိုသည့် စိတ်ဆန္ဒ ပေါ်လာလေသည်၊ မကောင်းတဲ့အလုပ်ကို လုပ်တဲ့အတွက် ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်ပေါ်လာတယ် ဆိုတာ သိရအောင် ငါ စမ်းကြည့်မယ်-ဟူ၍ ဆုံးဖြတ်လိုက်လေသည်။
မိန်းမကြီးသည် မုန့်လုံးနှစ်လုံးလုပ်ပြီး ထိုမုန့်နှစ်လုံးတွင် အဆိပ်ထည့်ထားလိုက်လေသည်၊ ရသေ့သည် ထိုနေ့နံက်တွင် ထုံးစံအတိုင်း ရွာတွင်းသို့ ဆွမ်းဆန်ခံ ထွက်လာလေသည်၊ မိန်းမကြီးသည် သူ့အိမ်ရှေ့ ရသေ့ရောက်လာသောအခါ အဆိပ်ထည့်ထားသော မုန့်လုံးနှစ်လုံးကို ရသေ့၏ ဆွမ်းဆန်အိတ်ထဲတွင် ထည့်လိုက်လေသည်၊ ရသေ့က-ကောင်းမှုလုပ်လျှင် ကောင်းကျိုးရမည်၊ မကောင်းမှုလုပ်လျှင် မကောင်းကျိုးရမည်-ဟု နှုတ်ကမြွက်ပြီး ထွက်ခွါသွားလေသည်၊ ရွာထဲရှိ တခြားအိမ်များမှလည်း ဆွမ်းဆန်နှင့် တခြား စားဖွယ်များကို အလှူခံလျက် သူ၏သစ်ခက်ကျောင်းသို့ ပြန်သွားလေသည်။
ရသေ့သည် သူ၏သစ်ခက်တဲကျောင်းသို့ ရောက်သွားသောအခါ ရွာထဲကအလှူခံရသော စားဖွယ်များကို ဆွမ်းဆန်အိတ်ထဲမှ ထုတ်၍ စားမည်ပြုစဉ် သစ်ခဲတဲကျောင်းဝ၌ လူနှစ်ရောက်လာရပ်သည်ကို တွေ့မြင်ရလေသည်၊ ရသေ့သည် ထိုလူနှစ်ယောက်အား သစ်ခဲတဲကျောင်းအတွင်း ခေါ်ပြီး အထိုင်ခိုင်းလေသည်၊ ထိုလူနှစ်ယောက်မှာ ဝေးလံသောခရီးမှ ပြန်လာကြသည့် ခရီးသည်နှစ်ယောက် ဖြစ်လေသည်၊ ခရီးသည် နှစ်ယောက်သည် မောလည်း မောပန်းနေကြသည်၊ ဆာလည်း ဆာနေကြသည်၊ ရသေ့သည် သူအလှူခံ၍ ရလာသော စားဖွယ်ထဲက တချို့ကို ခရီးသည်နှစ်ဦးအား အလှူဒါနပြုလိုသည်ဖြစ်၍ မုန့်လုံးနှစ်လုံးကို ခရီးသည်နှစ်ဦးအား ချကျွေးလိုက်လေသည်။
ခရီးသည်နှစ်ဦးသည် ဆာဆာနှင့် ရသေ့ကျွေးသော မုန့လုံးကို စားကြရာ စားပြီးလျှင်ပြီးချင်း အဆိပ်သင့်ပြီး ထိုင်နေရာမှ ဗုန်းခနဲ လဲကျသွားကြလေသည်၊ ရသေ့သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်၊ မုန့်လုံးထဲမှာ လူကိုသေစေတတ်သော အဆိပ်ပါမည်ဟူ၍ ရသေ့က တွက်မိလေသည်၊ သို့ရာတွင် သူ၏အပြစ် လုံးဝမဟုတ်ပေ၊ မုန့်လုံးထဲမှာ အဆိပ်ပါသည်ဟူ၍ သူလုံးဝမသိပေ၊ ဆာလောင်မွတ်သိပ်လာသူအား စေတနာနှင့် အလှူဒါနပြုလိုက်ခြင်းသာ ဖြစ်သည်။
ရသေ့သည် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွားပြီးလျှင် ရွာထဲပြေးသွားပြီး ဆေးဆရာကိုခေါ်လေသည်၊ သို့ရာတွင် အဆိပ်သင့်သော ခရီးသည်နှစ်ဦးမှာ ဆေးကု၍မရတော့ပဲ သေဆုံးသွားကြလေသည်၊ ရွာထဲတွင်လည်း ရသေ့၏သစ်ခက်တဲကျောင်းတွင် လူနှစ်ယောက် အဆိပ်ပါသည့်မုန့်ကိုစားပြီး သေဆုံးသွားသည်ဟူသော သတင်း ပျံ့နှံ့သွာေးလသည်၊ ရွာသူရွာသားများသည် ရသေ့၏သစ်ခက်တဲကျောင်းသို့ လာရောက်ကြည့်ရှုကြလေသည်၊ ရသေ့အား အဆိပ်ထည့်ထားသောမုန့်လုံး ပေးလှူလိုက်သည့် မိန်းမကြီးလည်း ထိုသတင်းကိုကြားသိရသည်ဖြစ်၍ ရသေ့၏သစ်ခက်တဲကျောင်းသို့ လာကြည့်လေသည်။
သစ်ခက်တဲကျောင်း၌ သေဆုံးသောလူနှစ်ယောက်ကို တွေ့ရသောအခါ မိန်းမကြီးသည် မိုက်ခနဲဖြစ်သွားပြီး လဲကျသွားလေသည်၊ သတိရလာသောအခါ အော်ဟစ်ငိုကြွေးလေသည်၊ သေဆုံးသူ လူနှစ်ယောက်အနက် တယောက်မှာ သူ၏ လင်ယောက်ျားဖြစ်ပြီး ကျန်တယောက်မှာ သူ၏သားဖြစ်နေသည်၊ သားအဖနှစ်ယောက်မှာ အလုပ်ကိစ္စနှင့် တရပ်တကျေးထွက်သွားသည်မှာ တနှစ်လောက်ရှိသွားပြီး ယခု ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာကြခြင်းဖြစ်သည်၊ သားအဖနှစ်ယောက်သည် သူတို့၏မယား သူတို့၏အမေလုပ်သော မုန့်လုံးကိုစားပြီး သေဆုံးသွားကြလေသည်၊ ဖခင်နှင့်သားသည် မယားဖြစ်သူနှင့် မိခင်ဖြစ်သူ၏ အစမ်းသပ်ခံ သားကောင်ဖြစ်သွားကြလေသည်။
မိန်းမကြီးသည် ရင်ဘတ်စည်တီးဖြစ်ပြီး နောင်တကြီးစွာရလေသည်၊ မကောင်းမှုကိုလုပ်လျှင် မကောင်းကျိုးရမည်-ကောင်းမှုလုပ်လျှင် ကျောင်းကျိုးရမည်-ဟူသော ရသေ့၏သြ၀ါဒကို မယုံကြည်၍ လက်တွေ့စမ်းသပ်ကြည့်သော မိန်းမကြီးသည် ထိုတရားသဘော၏ အမှန်တရားကို လက်တွေ့ တွေ့မြင်သွားလေပြီ၊ မိမိလုပ်သည့် အလုပ်၏ အကျိုး မိမိခံသွားရလေပြီ။
( ပါရဂူ )

ရှင်မဟာရဋ္ဌသာရ ဆုံးမစာ

၁။ ဟုတ်သောအကြံ၊ မှန်သောအကျင့်
သင့်သောအယူ၊ ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေ၊ မှန်လှစေ။

၂။ ကျိုးကြောင်းစကား၊ ပြောဆိုငြားသော်
လျင်လျားဆွေးနွေး၊ ဆိုရေးလိမ္မာ
ပညာရှိအား၊ ကိုယ်တိုင်သွား၍
စကားလိုက်လျော၊ စစပြော၍
နှီးနှောလေ။

၃။ ငါ၏စိတ်တွင်
ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း
ဟုတ်တည်းဧကန်၊ အားမသန်နှင့်
မှန်သည်တစေ၊ မရှိချေ။

၎။ မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၅။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်
သိမြင်ကင်းကွာ၊ မလိမ္မာလည်း
စာပေစကား၊ နေ့တိုင်းကြားက
ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။

၆။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို
မယ်ဘွားမိခင်၊ ဆုံးမသင်သို့
အကြင်ဆရာ၊ တို့သူငါကို
လိမ္မာစေကြောင်း၊ ကောင်းပါစေလို
ဆိုပါသမျှ၊ သြဝါဒကို
နားမျှမထောင်၊ မကြားယောင်သို့
မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်
နောင်သံသရာ၊ ဆက်များစွာ၌
ချမ်းသာမည်ရေး၊ အလွန်ဝေးသည်
သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ
ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို
လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။
                                  ရှင်မဟာရဋ္ဌသာရ
ခက်ဆစ်အဖွင့်---
၁။ ထုံး=လိုက်နာ စံပြုစရာနည်းလမ်း၊ အစဉ်အလာ။
၂။ လျင်လျား=အလျင်အမြန်။
၃။ နှီးနှော=ဆွေးနွေးသည်။ တိုင်ပင်သည်။
၎။ လိပ်ခဲတည်းလည်း=စွဲမိစွဲရာကို မလွှတ်ပဲ တွယ်တာသောအားဖြင့်။
၅။ ဟုတ်တည်း=ဟုတ်သည်၊ မှန်သည်။
၆။ ဧကန်=အမှန်။
၇။ တစေ=အမြဲ။
၈။ သြဝါဒ=ဆုံးမစကား။
၉။ ပစ္စုပ္ပန်=ယခု၊ မျက်မှောက်။
၁၀။ သံသရာ=အဖန်တလဲလဲ မပြတ် ကျင်လည်ရာ ဘဝအစဉ်။
၁၁။ ဝဋ်=ပြုမိခဲ့သော မကောင်းမှု အကျိုးကို ခံစားရခြင်း။
၁၂။ ရွှေခဲ=ရွှေတုံး ရွှေခဲကဲ့သို့ မြတ်နိုးဖွယ်သောသား။

ရှင်မဟာသီလဝံသ ဆုံးမစာ

၁။ ငါကားသည်စာ၊ သည်ဂါထာကို
မြဲစွာကြပ်မတ်၊ ဆရာအပ်သော်
တတ်လှစေချင်၊ ငါ့ကိုသင်ဟု
ထိပ်တွင်လည်းရွက်
လျင်လျင်ရအောင် ကြိုးစားကျက်။

၂။ အချိန်တန်၍၊ စာအံဆိုလျှင်
မရွှင်မျက်နှာ၊ မသာမချို
ထိုထိုအကြံ၊ ကြီးစွာဖန်၍
မအံတခါ၊ အံတခါနှင့်
မျက်နှာတပါး၊ စာတခြားလည်း
စကားပြောဟော၊ တသောသောသည်
ရယ်မော၍လည်း မနေနဲ့။

၃။ မပြတ်အသံ၊ တညံညံသည်
စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ
သည်လည်း ညသတ်၊ ပြတ်ပြတ်သားသား
စကားဆိုထွေ ပီလှစေ။

၎။ သင်ပုန်းထန်းရွက်၊ ပေထက်စီကာ
ရေးသောခါလည်း
အက္ခရာကို၊ သေချာလှစေ
စာလုံးကိုလည်း လှလှစေ။

                                  ရှင်မဟာသီလဝံသ

ခက်ဆစ်အဖွင့်--
၁။ ဂါထာ=ဆန်းကျမ်းတွင် ပြဆိုထားသည့် စည်းကမ်းတို့နှင့်အညီ ရေးစပ်ထားသော ပါဠိအစီအကုံး။
၂။ လျင်လျင်=မြန်မြန်။
၃။ စာအံ=စာကို နှုတ်တက်ရအောင် အခေါက်ခေါက် ဆိုသည်။
၎။ သောသော=ဆူဆူညံညံ။
၅။ ကြပ်ကြပ်=မြဲမြံစွာ၊ အမြဲအစွဲ၊ အခိုင်အမာ။
၆။ သင်ပုန်း=စာရေးနိုင်အောင် ပျဉ်ပြားကို ဆေးသုတ်၍ဖြစ်စေ၊ အနက်ရောင် ကျောက်ချပ် (အသွင်ပြောင်း ကျောက်တမျိုး) ကို ဖြစ်စေ ပြုလုပ်ထားသော အချပ်။
၇။ ထန်းရွက်=စာ သို့မဟုတ်-အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ထန်းပင်၏ အရွက်။
၈။ ပေရွက်=စာ သို့မဟုတ် အမှတ်အသား တစုံတရာ ရေးသားရန် ဖြတ်ညှိပြုပြင်ထားသော ပေပင်၏ အရွက်။

ခန္ဓာဉာဏ်စိုက် သတိလိုက်

* ကိုယ့်ခန္ဓာ၌၊ သတိစိုက်၊ ဉာဏ်လိုက်ရှုနေလျှင်။
* ကိုယ်မှာဖြစ်ဘိ၊ ဖြစ်တိုင်းသိ၊ သိတိုင်းအပူစင်။
* ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်းအပူစင်။
* အာရုံနှင့်ထိ၊ ထိတိုင်းသိ၊ သိတိုင်းအပူစင်။
* အပူစင်မှ၊ ဖြစ်ပျက်ကြ၊ မုချအမှန်မြင်။
* အမှန်မြင်မှ၊ ချမ်းသာရ၊ ဒုက္ခလွတ်မည်ပင်။

တိပိဋက ယောဆရာတော်

စိတ်စင်ကြယ်မှ ရုပ်စင်ကြယ်မည်

* ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။
* ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။
* စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။
* အပြင်ရုပ်ပြ၊ စင်ကာမျှ၊ တွင်းက စင်ခဲစွာ။

စစ်ကိုင်းရွှေဟင်္သာဆရာတော်

သူ့ကိုစောင့်ရှောက် ကိုယ့်ဂုဏ်မြောက်

* သည်းခံ သနား၊ ၀မ်းမြောက်ငြား၊ ပွားများ မေတ္တာခြုံ။
* သူ့ကိုစောင့်ရှောက်၊ ကိုယ့်ဂုဏ်မြောက်၊ ပပျောက်ဘေးရန် ကိုယ့်မှာလုံ။
* သူတော်သူမြတ်၊ ဤ ၄-ရပ်၊ မချွတ် ကျင့်ပါကုန်။

တိပိဋကဓရ ယော-ဆရာတော်

မြတ်သော သောတာပန်

မြေတပြင်လုံး၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်၎င်း၊
နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်၎င်း၊
တလောကလုံးကို အစိုးရသည်ထက်၎င်း၊
သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။

( ဓမ္မပဒ လောက၀ဂ်၊ အနာထပိဏ္ဍိကပုတ္တကာလ၀တ္ထု)

ပျက်စီးကြောင်း အညစ်အကြေးများ

စာပေကျမ်းဂန် အတတ်ပညာတို့သည်
မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။
အိမ်တို့သည်
ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။
ပျင်းရိခြင်းသည်
အဆင်း-လှပခြင်း၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။
မေ့လျော့ခြင်းသည်
စောင့်ရှောက်သူ၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။

(ဓမ္မပဒ၊ မလ၀ဂ်၊ လာယုဒါယီဝတ္ထု)

သံကိုသံဖျက် သံချေးတက်

သံချေးသည် သံမှာပင်ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် ပြန်၍ စားသကဲ့သို့
ဤအတူ မကောင်းမှု၌ လွန်ကျူး၍ ကျင့်သောသူကို မိမိကျင့်ကြံမှု မကောင်းမှုကပင်လျှင်
ဒုဂ္ဂတိဘ၀သို့ ဆောင်ပို့ကုန်၏။
(ဓမ္မပဒ၊ မလ၀ဂ်၊ တိဿတ္ထေရ၀တ္ထု)

ချမ်းသာခြင်းအကြောင်း

ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
သံဃာ၏ ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။

(ဓမ္မပဒ၊ ဗုဒ္ဓ၀ဂ်၊ သမ္ဗဟုလဘိက္ခုဝတ္ထု)

ကောင်းမှုပြုသူ၏ ကောင်းသောအကျိုး

ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း
ကောင်းမှု အကျိုးမပေးသရွေ့ ကာလပတ်လုံး
မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏။

ကောင်းမှုအကျိုးပေးသောအခါ၌မူကား
ကောင်းမှုပြုသူသည်
ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။

(ဓမ္မပဒ၊ သဟဿဝဂ်၊ အနာထပိဏ္ဍိက သေဋ္ဌိဝတ္ထု)

စိတ်ကိုစောင့်ရှောက်

အလွန်သိမြင်နိုင်ခဲ၍ အလွန့်အလွန်လည်း သိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး သူကျချင်သည့်အာရုံ၌
ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

( ဓမ္မပဒ-စိတ္တ၀ဂ်)

ကောင်းမှုပြုသူ

ကောင်းမှုပြုသောသူသည်
ဤဘ၀၌လည်း နှစ်သက်ရ၏။
နောင်ဘ၀၌လည်း နှစ်သက်ရ၏။
ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀တို့၌ နှစ်သက်ရ၏။
ငါသည် ကောင်းမြတ်သောအမှုကို ပြုရပေသည်ဟု နှစ်သက်ရ၏။
ထိုသူသည် ကောင်းသောဘ၀သို့ ရောက်သည့်အခါ သာ၍ပင် နှစ်သက်ရ၏။

( ဓမ္မပဒ)

စွန့်ရသော သဘော

အဆွေအမျိုးတို့ အကျိုးငှါ တယောက်သောသူကို စွန့်ရာ၏။
ရွာသူရွာသားတို့ အကျိုးငှါ အမျိုးကို စွန့်ရာ၏။
လူအများ၏ အကျိုးငှါ ရွာကို စွန့်ရာ၏။
မိမိကိုယ်ကို စောင့်ရှောက်ခြင်းအကျိုးငှါ မြေအပြင် (ရှိလူအပေါင်း) ကို စွန့်ရာ၏။
( စွယ်စုံ နီတိကထာ)

(ချောင်းဦး မောင်စန္ဒာ)

တရားကို မကျင့်မကြံလျှင်

နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည်
နွားနို့အရသာကို မခံစားရသကဲ့သို့
နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို များစွာဟောပြောနေသော်လည်း
မကျင့်မကြံ မေ့လျော့ပေါ့တန်နေသောသူသည်
ပြုထိုက်သည်ကို ပြုသည် မမည်။
မဂ် ဖိုလ် နိဗ္ဗာန် အရသာကို မခံစားရ။

( ဓမ္မပဒ)

ပညာရှိ သူတော်ကောင်း

စန္ဒကူးပင်သည် ခြောက်သွေ့သော်လည်း မွှေးရနံ့ကို မစွန့်။
ဆင်ပြောင်ကြီးသည် စစ်မြေပြင်သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်းကို မစွန့်။
ကြံသည် ယန္တရားစက်ဖြင့် ကြိတ်သော်လည်း ချိုသောအရသာကို မစွန့်။
ပညာရှိ သူတော်ကောင်းသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်။

( လောကနီတိ)

အရူးနှင့် တူသူများ

ဥစ္စာမရှိဘဲလျက် အရသာ အစားကြူးသောသူ၊
ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်သောသူ၊
ပညာမရှိဘဲလျက် စကားလိုလားသောသူ၊
ဤသူတို့သည် အရူးနှင့်တူကုန်၏။

( လောကနီတိ)

အမြတ်ဆုံးချမ်းသာ

အနာရောဂါကင်းခြင်းသည် အကြီးဆုံးလာဘ် ဖြစ်၏။
တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံးဥစ္စာ ဖြစ်၏။
အကျွမ်းတ၀င် ချစ်ခင်သောသူသည် အကောင်းဆုံး ဆွေမျိုး ဖြစ်၏။
နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာ ဖြစ်၏။
( ဓမ္မပဒ)

ဆိတ်ကွယ်ရာ မရှိ

လောက၌ မကောင်းမှုပြုသောသူအား ဆိတ်ကွယ်ရာအ၇ပ်မည်သည် မရှိ။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မိမိပြုသောအမှုကို မိမိကိုယ်တိုင် သိ၏။

(တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀ဒူတ၀ဂ်)

ယနေ့ ပြုလုပ်ပါ

ပြုဖွယ်ကိစ္စ ဟူသမျှကို ယနေ့ပင် ပြုလုပ်ပါ။ (အချိန်မဆွဲပါနဲ့)
မနက်ဖြန်၌ သေရမည်ကို အဘယ်သူသည် သိနိုင်အံ့နည်း။
စစ်သည်ဗိုလ်ပါ များလှစွာသော ရှင်သေမင်းနဲ့ ငါတို့မှာ ချိန်းချက်ထားမှု မရှိချေ။ ချိန်းချက်၍ မရပေ။

စိတ်ကို စောင့်ရှောက်

အလွန်သိမြင်ခဲ၍ အလွန့်အလွန်လည်း သိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး သူကျချင်သည့် အာရုံ၌
ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

( ဓမ္မပဒ-စိတ္တ၀ဂ်)

ကိုယ်သန့်သူနှင့် စိတ်သန့်သူ

တခါက အထက်အညာ မြို့ကလေးတမြို့တွင် အလွန်ဇီဇာကြောင်သော လူတဦးရှိသည်။ သူသည် အစားအသောက်စားရာ၌ သူတပါးနှင့် ဇွန်းပန်ကန် ခွက်ယောက်ချင်း ရောနှောပေါင်းစပ် မစားနိုင်ပါ။ ထို့ကြောင့် အများနှင့် ၀ိုင်းဖွဲ့ပြီး ဘယ်တော့မှ မစားပါ။ မလွှဲမရှောင်သာ၍ စားရလျှင် ထမင်းနှင့် ဟင်းများကို ပထမဦးစွာ အပြီးနှိုက်ယူထားလိုက်သည်။ သူတပါး နှိုက်ပြီးသား ထမင်းဟင်းကိုမူ နောက်ထပ် မနိုက်တော့ပါ။ ရှေးက လက်ရည်တပြင်တည်း စားကြပုံကို ပြောပြလျှင် အော့ကြီး အန်ကြီးဖြစ်၍ ရှောင်သွားတတ်သည်။

တခုသောနွေဦးပေါက်တွင် သူသည် မသွားဖူးသော ခရီးတခုကို သွားရသည်။ သူနှင့် ခရီးသွားမည့်အဖော်များ ရောက်ချိန်တန်လျက် ရောက်မလာသောကြောင့် တဦးတည်းထွက်ခွါလာခဲ့သည်။ သူသည် လမ်းခရီး အခြေအနေကို မသိသောကြောင့် ထမင်းကို အ၀စားခဲ့သည်။ အထုပ်ဖြင့်လည်း ထုပ်ယူလာခဲ့သည်။ ရေကိုလည်း ဘူးတောင်းနှင့် အပြည့်ထည့်ခဲ့သည်။ သို့သော် လမ်းမှာ အရိပ်အာဝါသနည်းသည့်အပြင် ရာသီဥတုကလည်း အလွန်ပူပြင်းလှသောကြောင့် ရေခဏခဏ သောက်ရသည်။ မကြာမီ ရေကုန်သွားလေသည်။

နေမွန်းတိမ်းသောအခါ ပို၍ ပူလာပြီး ချွေးကပိုထွက်လာသည်။ ရေအလွန်ဆာလာသည်။ နောက် ခရီးတတိုင် အတွင်း ရေမတွေ့လျှင် သေရချည်ရဲ့ဟုပင် ညည်းမိလေသည်။ သို့သော် ခရီးတတိုင် မသွားရပါ။ ကုန်းကလေး တခုကို ကျော်လိုက်လျှင် ဆီးပင်ကလေးများနှင့် ဇရပ်အိုတခုကို တွေ့ရသည်။ ဇရပ်၏ ရှေ့မျက်နှာစာတွင်လည်း ရေအိုးစင်ကလေးတခု ရှိ၏။ သူသည် အလွန်ဝမ်းသာသွားသည်။ ဇရပ်သို့ အပြေးတပိုင်းသွားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်သည်။ ရေမှာ တ၀က်ကျော်ကျော် ရှိနေသည်။ တယ်ကံကောင်းပါလား-ဟု တကိုယ်တည်း ပြောပြီး ချိတ်ထားသော အိုးမှုတ်ခွက်ဖြင့် ရေတခွက် ခပ်လိုက်သည်။ သို့သော် ချက်ချင်းမသောက်ဘဲ စဉ်းစားနေလိုက် သေးသည်။

ဤရေမှုတ်သည် သူတကာ သောက်သုံးသော ရေမှုတ်ဖြစ်သည်။ ဘယ်လက်ဖြင့်ကိုင်သူက ညာနှုတ်ခမ်းမှ သောက်မည်။ ညာလက်ဖြင့်ကိုင်သူက ဘယ်နှုတ်ခမ်းဖြင့်သောက်မည်-စသည်ဖြင့် တောင်တောင်အီအီ တွေးတောစဉ်းစားသည်။ ထို့နောက် ဤဘက်ကတော့ မည်သူမှ သောက်မည်မဟုတ်-ဟု ယူဆကာ ရေမှုတ်ကို လက်ကိုင်တပ်ရာဘက်မှ သောက်ချလိုက်သည်။ ဤသို့ ရေနှစ်မှုတ် သုံးမှုတ်လောက် သောက်ပြီးမှ ကျေနပ်စွာဖြင့် ဇရပ်ပေါ် တက်နားလိုက်သည်။

သူရေသောက်နေစဉ် သူ့လှုပ်ရှားမှုကို စိုက်၍ကြည့်နေသော မျက်လုံးတစုံကိုမူ သူသတိမထားမိလိုက်ချေ။ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟိုသည်သည် မျက်လုံးကစားလိုက်မှ မလှမ်းမကမ်း ဆီးပင်အောင်တွင် ထိုင်နေသော အနာကြီးရောဂါသည်တယောက်ကို မြင်လိုက်ရသည်။ ထိုလူမှာ ရောဂါကြောင့် ခြေ၊ လက်၊ နှာခေါင်းများပင် မပီပြင်တော့။ ဦးခေါင်းပတ်ပတ်လည် ဦးထုပ်ဆောင်းသည့် တ၀ိုက်တွင် အရေဖတ်များက လန်နေသေးသည်။ နဖူးနှင့် နှာခေါင်းကလည်း ချွေးတွေလား၊ ဘာတွေလဲ မသိ။ အဆက်မပြတ် စီးကျနေသဖြင့် ပုဆိုးဖြင့် ငုံ့ငုံ့ သုတ်နေရသည်။

ထိုရောဂါသည်သည် မျက်နှာကို ပုဆိုးဖြင့် တချက် ငုံ့သုတ်လိုက်ပြီး ဇရပ်ပေါ်က လူကို လှမ်းမေးလိုက်သည်။ ဒီမှာ ဇရပ်ပေါ်က လူကြီး ကျွန်တော်တခုလောက် မေးပါရစေ။ ထိုအခါ ဇရပ်ပေါ်ကလူက ရောဂါသည်ကြီး သူ့အနား လာမည်စိုး၍ ပျာပျာသလဲဖြင့် ပြောပါ ပြောပါ ကြားပါတယ်-ဟုဆိုသည်။
လူကြီးမင်း-စောစောက ရေသောက်တာ ရေမှုတ်လက်ကိုင်ဘက်က ဘာဖြစ်လို့ ကတ်သီးကတ်သတ် သောက်ရ တာပါလဲ ခင်ဗျား-ဟု ရောဂါသည်က မေး၏။

သြော်-ဒါလား ကျုပ်က ဘယ်အရာမဆို သန့်မှကြိုက်တာဗျ။ သူတကာ သောက်တဲ့ ခွက်နှုတ်ခမ်းကနေပြီး ကျုပ်ရေမသောက်နိုင်ဘူးလေ-ဟု ဆိုလျှင် ရောဂါသည်က သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်
စိတ်မကောင်းပါဘူး၊ လူကြီးမင်းခင်ဗျား၊ ကျွန်တော်ဟာ အတိတ်ဘ၀က သူများအပေါ် မာန်မာနကြီး တခွဲသားနဲ့ မတူမတန် ဆက်ဆံခဲ့မိလို့ ထင်ပါရဲ့၊ အခု ဒီဘ၀မှာ အနာကြီးရောဂါသည် လာဖြစ်ရပါတယ်။ အဲဒီဝဋ်ကြွေးတွေကို ဒီဘ၀ ဒီမျှသာ ရှိစေတော့ဆိုပြီး လူမှန်းသိစအရွယ်ကတည်းက ငါးပါးပဉ္စသီ မြဲခဲ့ပါတယ်။ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် စိတ်ကောင်းထားပါတယ်။ ကျွန်တော့ကို တိရစ္ဆာန်တကောင်လို ဆက်ဆံကြိမ်းမောင်းကြရင်တောင် ဘယ်လိုမှ စိတ်မရှိပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်လဲ ဒီလိုနေမှာပဲလို့ ကိုယ်ချင်းစာပြီး အများစိတ်အနှောက်အယှက် မဖြစ်အောင် သတိထား နေထိုင်ခဲ့ပါတယ်။ အခု အများအသုံးပြုတဲ့ ဇရပ်ပေါ်မှာတောင် တက်မနားဘဲ သစ်ပင်အောက်မှာ နေတာကိုသာ ကြည့်ပါ။

နောက်ပြီး မလွဲမရှောင်သာလို့ အများသောက်တဲ့ သောက်ရေအိုးမှာ ရေသောက်ရရင်လဲ အများကို ကိုယ်ချင်းစာပြီး အများသောက်တဲ့ခွက်ရဲ့ ဘယ်-ညာ နှုတ်ခမ်းတွေက မသောက်ပါဘူး။ ဘယ်သူမှမသောက်တဲ့ လက်ကိုင်ဘက်ကသာ ကတ်သီးကတ်သတ် သောက်ခဲ့ပါတယ်။ အခုတော့ လူကြီးမင်းကလဲ ကျွန်တော့လိုပဲ ကတ်သီးကတ်သတ် လက်ကိုင်ဘက်က သောက်တယ်ဆိုတော့ စိတ်မကောင်းဖြစ်လို့မေးမိတာပါ-ဟု နှာတရှုတ်ရှုတ်နှင့်ပြောသည်။ ဤတွင် ဇရပ်ပေါ်မှ လူဇီဇာကြောင်ကြီးမှာ မည်သို့မျှ အောင့်အည်းနိုင်စွမ်း မရှိတော့ပေ။ သောက်ပြီးသော ရေများသာမက စားပြီးသား အစာများပါ အကုန် အန်ချလေတော့သည်။

နောက် ငါးနှစ်မျှကြာသောအခါ အထက်ဖော်ပြပါ ဇရပ်အိုနေရာတွင် သစ်လွင်လှပသော ဆင်ဝင်စမုတ်နှင့် ဘုံအဆင့်ပါရှိသော ဇရပ်ကြီးတဆောင် မျက်လှည့်ပြလိုက်သလို ပေါ်ပေါက်လာသည်။ ထိုဇရပ်ကြီးသည် ကြီးကျယ်ခမ်းနားရုံမက ဆင်ဝင်စမုတ်၏ တဖက်တချက်တွင်လည်း သောက်ချင့်စဖွယ် ရေအိုးသုံးလုံးစီ ရှိသော ရေအိုးစင် လှလှကလေးများက နေရာယူထားသေးသည်။ ထို့ပြင် ဇရပ်၏တောင်ဘက် မလှမ်းမကမ်းတွင်လည်း ရေတွင်းကြီးတတွင်းက ရေငင်မောင်းတံနှင့် ပုံးနှင့် အသင့်ရှိနေပြန်သည်။ သောက်သုံးရုံမက ချိုး၍ပင် မကုန်နိုင်ချေ။

ထို့ကြောင့် အနှီဇရပ်ကြီးသည် ခရီးသွားတို့အတွက် အလွန်တရာ ကျေးဇူးများလှသော နားခိုစရာစခန်းကြီးတခု ဖြစ်နေပေသည်။ ထိုဇရပ်၌ နားခို၍ ခရီးဆက်ကြရသော လူအပေါင်းတို့သည် ဇရပ်တကာကောင်းမှုရှင်ကြီးကို မှန်းမျှော်၍ မေတ္တာပို့သကာ သာဓုအကြိမ်ကြိမ် ခေါ်သွားကြကုန်၏။

အများမြင်လောက်ရာ ဇရပ်တနေရာတွင် ရေးထိုးထားသော ကောင်းမှုရှင်အမည် ကမ္ပည်းစာတန်းကလည်း ထူးခြားလှသည်။ အညတြ လူသူတော်ကြီးကို ရည်စူး၍ ------မြို့နေ ဦးသန့်စင်+ဒေါ်မယ်အိုတို့၏ ကောင်းမှု-ဟူ၏။
ဦးသန့်စင်-ဟူသည်မှာ ဦးဇီဇာကြောင်ကြီးပင် ဖြစ်သတည်း။ သူသည် အနာကြီးရောဂါသည်၏ ပညာပေးခြင်းကို ခံလိုက်ရသည့်နေ့ကစပြီး အမြင်မှန် ရသွားသည်။ နောင်တတရားလည်း ရသွားသည်။ သူ၏ အများအပေါ် ရွံရှာတတ်သော ဇီဇာကြောင်မှု စိတ်ဆိုးကြီးကို အများနှင့် အဖန်တလဲလဲ ရောနှောစားသောက်ခြင်းအားဖြင့် နှိမ်နင်းပစ်လိုက်သည်။ ကြာလာသောအခါ ရွံရှာတတ်သောစိတ် အလျဉ်းမရှိတော့ရုံမက လူငယ်များနဲ့အတူ လက်ရည်တပြင်တည်းပင် စားပြလိုက်သေးသည်။ ဤသို့ နေ့ချင်း ညချင်း ပြောင်းလဲသွားသော သူ့ကို မြို့နေလူထုများက များစွာ အံ့သြကြလေသည်။ တကယ်တမ်းတွင် သူသည် ဇီဇာကြောင်တတ်သည်ကလွဲ၍ စိတ်ရင်းသဘော ဖြူစင်ကောင်းမွန်သူ ဖြစ်သောကြောင့် မကြာမီ အများ၏ ချစ်ခင်လေးစားမှုကို ခံရသည်။ မိတ်ဆွေရင်းချာများ ပေါများလာသည်။ စီးပွားမှာလည်း ဒီရေအလား တိုးတက်လာလေသည်။

ယခင်က သူသည် အလွန်ဇီဇာကြောင်သူဖြစ်သောကြောင့် အသက်လေးဆယ်ကျော်သည်အထိ အိမ်သူသက်ထားမရှိခဲ့ပေ။ အကျင့်ဆိုးကြီးကို ပြုပြင်လိုက်သည်မှစ၍ မြို့မေတ္တာကို ခံယူရရှိရုံမက ကွမ်းတောင်ကိုင် အချောအလှ မယ်အိ၏ မေတ္တာတုံ့ပြန်မှုကိုပါ ရရှိခဲ့လေသည်။ ဤကဲ့သို့ သူသည် ခြောက်ကပ်အထီးကျန်လှသော ဘ၀မှ စိုပြည်ချမ်းမြေ့ဖွယ် ကောင်းလှသော ဘ၀သို့ ရောက်ရှိခဲ့ပုံကို တွေ့မိလေတိုင်း သူ့ကို ပညာသားပါပါဖြင့် ဆုံးမပေးခဲ့သော ရောဂါသည်ကြီးကို သွား၍ သတိရမိလေသည်။ ထိုေ့ကြာင့် ကတညုတ-ကတဝေဒီ မင်္ဂလာတရားနှင့်အညီ ထိုကျေးဇူးရှင်ကြီး၏ ကျေးဇူးတရားကို အောက်မေ့သောအားဖြင့် သူနှင့်တွေ့ဆုံခဲ့ရာ ဇရပ်အိုကြီးနေရာတွင် ဇရပ်နှင့် ရေတွင်းများကို ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထိုဇရပ်ကို လူသူတော်ဇရပ်ကြီးဟု အများက ခေါ်ကြလေသည်။ နောင်သော် လူသူတော်မှ မည်သို့မည်ပုံ ပြောင်းလဲသွားသည်မသိ။ ဖိုးသူတော်ဇရပ်ဟု ခေါ်ကြပြန်သည်။ ၄င်းဇရပ်အနီးမှ တောင်ကုန်းကိုကား ဇရပ်ကုန်းဟု ခေါ်ကြကုန်၏။ နောင်နှစ်ပေါင်း အတော်ကြာလာသောအခါ ဇရပ်ကြီးမရှိတော့ဘဲ ရေတွင်းကို ဗဟိုပြု၍ လူနေအိမ်ခြေများ ပေါ်ပေါက်လာလေသည်။ ထိုရွာ၏ အမည်သည်လည်း ဇရပ်ကုန်းရွာဟု တွင်လေသတည်း။

ထိုဇရပ်ကုန်းရွာ၏ အနောက်စူးစူး ကုန်းစောင်းကလေးတွင် အဝေးမှမြင်နိုင်သော ကျောက်ပုံစုစုကလေးမှာ ရှေ့ယခင်ကစ၍ ယနေ့တိုင်အောင် ရှိနေပါသေးသည်။ ထိုကျောက်ပုံကလေး၏ အောက်တည့်တည့်တွင် ကျေးဇူးရှင် လူသူတော်ကြီး ထာဝရအိပ်စက်အနားယူလျက် ရှိသည်ကို ဦးသန့်စင် သိမသွားပါချေ။

ထို့ထက်ပို၍ ဆိုရပါလျှင် ဦးသန့်စင်နှင့် တွေ့ဆုံခဲ့သော ထိုအချိန်က လူသူတော်ကြီးသည် သောက်ရေအိုးထဲမှ ရေကို သူ့ခွက်ထဲသို့ ထည့်ပေးပါရန် တောင်းပန်၍ ရမည့်သူကို မျှော်နေခဲ့ပါသည်။ ထိုစဉ် ဦးသန့်စင် ရောက်လာ၍ ရေသောက်ပုံကို မြင်ရသောအခါ ရေတောင်းရန် အစီအစဉ်ကို ဖျက်ပြီး ရေသောက်ပြီးလေဟန်ဖြင့် ဦးသန့်စင်ကို ဆုံးမခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင်မူ သူသည် မည်သည့်အခါမှ အများသောက်ရေအိုးတွင် ရေသောက်လေ့ မရှိပါ။ ထိုနေ့ကလည်း ရေမသောက်ဘဲ အငတ်ခံသွားခဲ့ပေသည်။

ထို့အပြင် သူသည် မိမိ၏ လက်ရှိဘ၀ခရီးကြီး နိဂုံးချုပ်ရတော့မည်ကို ရိပ်စားမိသောအခါ အနောက်ဘက် တောင်စောင်းသို့သွားပြီး ကျင်းကိုကိုယ်တိုင်တူးကာ ၀င်ရောက်အိပ်စက်ပြီး မိမိဇာတ်ကို မိမိဘာသာ သိမ်းခဲ့ ပါသည်။ နောက်တနေ့ နွားကျောင်းသူမကလေးများ ရောက်လာသောအခါ လေမှာ တလူလူလွင့်နေသော စွပ်ကျယ်အဖြူ မည်းညစ်ညစ်တွင် သွေးဖြင့် ရေးထားသည့် မြေဖို့ပေးခဲ့ကြပါ-ဟူသော စာကိုမြင်ကြရသည်။ မိန်းကလေးများက သနားကရုဏာသက်မိသောကြောင့် မြေဖို့ရုံသာမက အနီးအနားရှိ ကျောက်တုံးများကို ယူဆောင်စုပုံပြီး မှတ်တိုင်ကလေးတခုပါ စိုက်ထားပေးခဲ့ကြလေသည်။

ထိုအကြောင်းအရာများကိုလည်း ကွယ်လွန်သူ ဦးသန့်စင်တယောက် သိမသွားခဲ့ပါချေ။ အကယ်၍ သူသာ သိခဲ့မည်ဆိုပါလျှင်---

ဂဝေသီဆရာကြီးနှင့် တပည့်ငါးရာ

ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါက ဂဝေသီအမည်ရှိသော ဆရာကြီးတဦး ရှိသည်။ ထိုဂဝေသီဆရာကြီးတွင် တပည့်ငါးရာ ရှိလေသည်။ ဂဝေသီဆရာကြီးသည် ကဿပမြတ်စွာဘုရားကို ကြည်ညိုသဖြင့် ဘုရားရှင်ထံ၌ ဥပါသကာအဖြစ် ခံယူသည်။ မိမိ၏တပည့် ငါးရာတို့ကိုလည်း ဥပါသကာအဖြစ် ခံယူစေသည်။

ထိုတွင် ဆရာကြီးသည် ဤသို့အကြံဖြစ်၏။ ငါသည် တပည့်ငါးရာတို့၏ ဆရာဖြစ်သည်။ ငါသည်လည်း ဥပါသကာဖြစ်သည်။ တပည့်တို့သည်လည်း ဥပါသကာဖြစ်သည်။ ငါ့တွင်လည်း သီလစောင့်ထိန်းမှု မရှိသေး။ တပည့်တို့တွင်လည်း သီလစောင့်ထိန်းမှု မရှိကြသေးပေ။ ငါနှင့် ငါ့တပည့်တို့သည် အတူတူပင် ဖြစ်နေသည်။ ထို့ကြောင့် ငါသည် ယနေ့မှစ၍ တပည့်တို့ထက် လွန်ကဲ၍ ကျင့်မည်။

ထိုသို့ကြံစည်ကာ ဆရာကြီးသည် တပည့်တို့အား အသင်တို့-ငါသည် ယနေ့မှစ၍ ငါးပါးသီလကို ကောင်းစွာစောင့်ထိန်းတော့မည်-ဟုပြောဆိုကာ ထိုနေ့မှစ၍ ငါးပါးသီလကို ခါးဝတ်ကဲ့သို့ မြဲမြံစွာ စောင့်ထိန်းလေသည်။
ထိုတွင် တပည့်ငါးရာတို့ကလည်း ငါတို့၏ ဆရာကြီးသည် ငါတို့အပေါ်၌ ကျေးဇူးကြီးလှသည်။ ဆရာကြီး၏ ကျေးဇူးကြောင့် ငါတို့သည် ဥပါသကာအဖြစ်ကို ရရှိကြသည်။ ထိုကျေးဇူးကြီးလှသော ဆရာကြီးသည် ငါးပါးသီလကို စောင့်ထိန်းလျှင် ငါတို့သည်လည်း အဘယ်ကြောင့် မစောင့်ထိန်းဘဲ နေရအံ့နည်း။ ယနေ့မှစ၍ ငါတို့သည်လည်း ငါးပါးသီလကို စောင့်ထိန်းကြမည်-ဟုဆိုကာ တပည့်ငါးရာလုံးပင် ငါးပါးသီလကို စောင့်ထိန်းကြလေသည်။

တပည့်ငါးရာတို့ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းလာကြသောအခါ ဆရာကြီးသည် တပည့်တို့အား ဤသို့ဆိုပြန်၏။ အသင်တို့-ငါ့ကို ယနေ့မှစ၍ မြတ်သောအကျင့်ကို ကျင့်သူဟု မှတ်ယူကြပါလော့။ ထိုသို့ဆိုပြီး ထိုနေ့မှစ၍ ယုတ်ညံ့သော မေထုန်အမှုကို မပြုကျင့်တော့ပဲ ရှောင်ကြဉ်လိုက်လေသည်။
တပည့်ငါးရာတို့သည်လည်း ဆရာကြီးကဲ့သို့ပင် ထိုနေ့မှစ၍ မေထုန်မှီဝဲခြင်းကို မပြုကြတော့ဘဲ ရှောင်ကြဉ်လိုက်ကြပြန်သည်။

ထိုတွင် ဆရာကြီးသည် တပည့်တို့ထက် လွန်ကဲ၍ နေလွဲညစာစားခြင်းကို ရှောင်ကြဉ်လိုက်ပြန်သည်။ တပည့်တို့လည်း လိုက်၍ နေ့လွဲညစာစားခြင်းကို ရှောင်ကြဉ်ကြလေသည်။
ထိုအခါ ဆရာကြီးသည် တဆင့်တက်ကာ ဘုရားရှင်ထံ ချဉ်းကပ်၍ ဘုရားရှင်အထံတော်၌ ရဟန်းအဖြစ် ခံယူလိုက်လေသည်။ ရဟန်းဖြစ်ပြီးနောက် ၀ိပဿနာတရားကို ကြိုးစားအားထုတ်ရာ ရဟန္တာအဖြစ်သို့ ဆိုက်ရောက်သွားလေသည်။

တပည့်ငါးရာတို့သည်လည်း ဆရာကြီးနည်းတူ ဘုရားရှင်ထံ၌ ရဟန်းပြုကြပြီး ကြိုးစား၍ တရားရှုမှတ်ကြရာ အားလုံးပင် ရဟန္တာဖြစ်သွားကြလေသည်။
အကိုး။ ။ အင်္ဂုတ္တိုရ်ပါဠိတော်

တရားမှန်

မြတ်စွာဘုရားသည် နာလန္ဒမြို့ ပါဝါရိက သူဌေး၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူစဉ် အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဤသို့လျှောက်လေ၏။

မြတ်စွာဘုရား၊ ပစ္ဆာဘူမိ၌ နေကြသည့် ကရားကိုကိုင်ဆောင်ကာ မှော်ပန်းကို အမြဲဆင်ထားကြကုန်သော ပုဏ္ဏားတို့သည် သေလွန်သောသူကို ၀ိုင်း၍ ရပ်နေကြပြီးလျှင် အချင်း-ဗြဟ္မာ့ပြည်သို့ သွားလော့၊ အချင်း-ဗြဟ္မာ့ပြည်သို့ သွားလော့-ဟုဆိုကာ အထက်သို့ရောက်စေရန် ပြုကြ၏။ နတ်ပြည်သို့ရောက်စေရန် ပြုကြ၏။ မြတ်စွာဘုရားသည်ကား လူသတ္တ၀ါအားလုံးကို သေလွန်သောအခါ နတ်ပြည်သို့ရောက်အောင် ပြုစွမ်းနိုင်ပါ၏လော။

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူလေ၏။
ရွာသူကြီး၊ ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးမည်။ သင်နှစ်သက်သလို ဖြေလော့။
ရွာသူကြီး-ဤလောက၌ လူတယောက်သည် သူ့အသက်ကို သတ်လေ့ရှိ၏။
သူ့ဥစ္စာကို ခိုးလေ့ရှိ၏။
သူ့သားမယားကို ဖျက်ဆီးလေ့ရှိ၏။
မုသားပြောလေ့ရှိ၏။
ကုန်းတိုက်လေ့ရှိ၏။
ရုန့်ရင်းကြမ်းတမ်းသောစကားကို ပြောလေ့ရှိ၏။
အဆန်မဲ့သော စကားကို ပြောလေ့ရှိ၏။
သူတပါး စည်းစိမ်ကို ရှေးရှုကြံလေ့ရှိ၏။
သူတပါး ပျက်စီးရာ ပျက်စီးကြောင်းကို ကြံလေ့ရှိ၏။
မှားသောအယူကို ယူ၏။
ထိုသူကို သေလွန်သောအခါ လူအများက၀ိုင်းပြီး ဤသူသည် နတ်ရွာသုဂတိသို့ ရောက်ပါစေ-ဟု ရှိခိုးဆုတောင်းကြလျှင် ထိုသူသည် လူအများက ရှိခိုးဆုတောင်းပေးသည့်အတွက် နတ်ရွာသုဂတိသို့ ရောက်ရာသလော။

ဤသို့မေးသောအခါ ၇ွာသူကြီးက လူအများက ဆုတောင်းပေးသည့်အတွက် နတ်ရွာသုဂတိသို့ ရောက်သည်ဆိုသည်မှာ မဖြစ်နိုင်ပါ-ဟုဖြေသည်။

ရွာသူကြီး ဥပမာအားဖြင့်- ကျောက်တုံးကြီးတခုကို အလွန်နက်သော ရေအိုင်ထဲသို့ ပစ်ချပြီး လူပေါင်းများစွာ ၀ိုင်းအုံ၍ လက်အုပ်ချီကာ ကျောက်တုံးကြီး ရေပေါ်ပေါ်ပါလော့။ ကျောက်တုံးကြီး ကမ်းပေါ်တက်ပါလောဟု ဆုတောင်းလျှင် ထိုကျောက်တုံးကြီးသည် လူအများက ရှိခိုးဆုတောင်းပေးသည့်အတွက် ပေါ်လာရာသလော၊ ကမ်းပေါ်သို့ တက်လာရာသလော။

အရှင်ဘုရား ဤသို့ မဖြစ်နိုင်ပါ။

ရွာသူကြီး ဤဥပမာအတိုင်းပင် အကြင်သူသည် သူ့အသက်ကို သတ်လေ့ရှိ၏။
သူ့ဥစ္စာကို ခိုးလေ့ရှိ၏။ ( ပ )
မှားသောအယူကို ယူ၏
ထိုသူသည် သေလွန်သောအခါ အကယ်၍ လူအများက ၀ိုင်းပြီး ဤသူသည် နတ်ရွာသုဂတိသို့ ရောက်ပါစေ-ဟု ရှိခိုးဆုတောင်းကြသော်လည်း အပါယ်ငရဲသို့သာ ကျရောက်ရာ၏။

ရွာသူကြီး-ဤလောက၌ လူတယောက်သည် သူ့အသက်ကို သတ်ခြင်းမှ ကင်း၏။
သူ့ဥစ္စာကို ခိုးခြင်းမှ ကင်း၏။
သူ့မယားကို ဖျက်ဆီးခြင်းမှ ကင်း၏။
မုသားပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ရုန့်ရင်း ကြမ်းတမ်းသော စကားကိုဆိုခြင်း၊ အဆန်မဲ့သော စကားကို ပြောခြင်းမှ ကင်း၏။
သူတပါးစည်းစိမ်ကို ရှေ့ရှုမကြံ။
သူတပါး ပျက်စီးရာ ပျက်စီးကြောင်းကို မကြံ။
မှန်သောအယူကို ယူ၏။
ထိုသူကို ငရဲသို့ကျပါစေဟု ရှိခိုးဆုတောင်းကြသည့်အတွက် ငရဲသို့ ကျရာသလော။

အရှင်ဘုရား-ဤသို့ မဖြစ်နိုင်ပါ။

ရွာသူကြီး-ဥပမာအားဖြင့် လူတယောက်သည် ထောပတ်အိုးကို ဖြစ်စေ၊ ဆီအိုးကိုဖြစ်စေ၊ အလွန်နဲသော ရေထဲ၌ နှစ်ပြီး ခွဲလိုက်လျှင် အိုးကွဲများက အောက်သို့ ကျသွားပြီး ထောပတ်များ၊ ဆီများက အပေါ်သို့ တက်လာရာ၏။ ထိုထောပတ်တို့ ဆီတို့ကို လူအများက ၀ိုင်းပြီး ဤထောပတ် ဤဆီများသည် ရေထဲသို့ နစ်မြုပ်သွားကြပါစေဟု ရှိခိုးဆုတောင်းလျှင် ထိုထောပတ်များ၊ ဆီများသည် လူအများက ရှိခိုးဆုတောင်းကြသည့်အတိုင်း ရေထဲသို့ နစ်မြုပ်သွားရာသလော။

အရှင်ဘုရား ဤသို့ မဖြစ်နိုင်ပါ။

ရွာသူကြီး ဤဥပမာအတိုင်းပင် အကြင်သူသည် သူ့အသက်သတ်ခြင်းမှ ကင်း၏။
သူ့ဥစ္စာ ခိုးခြင်းမှ ကင်း၏။( ပ )
မှန်သာအယူကို ယူ၏။
ထိုသူသည် သေလွန်သောအခါ အကယ်၍ လူအများက ၀ိုင်းပြီး ဤသူသည် အပါယ်ငရဲသို့ ကျပါစေ-ဟု ရှိခိုးဆုတောင်းကြသော်လည်း ထိုသူသည် နတ်ရွာသုဂတိသို့သာ ရောက်ရာ၏။

( အကိုး-သဠာယတနသံယုတ်၊ ဂါမဏိသံယုတ်၊ အသိဗန္ဓကပုတ္တကသုတ် )

ကျေးဇူးသစ္စာကို စောင့်သိခြင်း၏ အကျိုး

ရှေးအခါက တိုင်းပြည်တပြည်တွင် ပညာရှိ ပုရောဟိတ် အမတ်ကြီးတဦး ရှိသည်။ တခါသော် ထိုပုရောဟိတ်နှင့် ရှင်ဘုရင်တို့ တခုသောပြဿနာအတွက် သဘောကွဲလွဲကြ၏။ မင်းကြီးကလည်း ငါ ဘုရင်မင်းပဲ-ဟု မင်းမာန်ဖြင့် အလျှော့မပေးချေ။ ပုရောဟိတ်ကလည်း ငါပြောတာအမှန်ပဲ၊ သူလဲကောင်းဖို့၊ နိုင်ငံလဲ ကောင်းဖို့ ပြောတာပဲ-ဟု အလျှော့မပေးချေ။ ဘုရင်က ရာဇမာန်ပွားကာ ပုရောဟိတ်အမတ်ကြီးကို ရာထူးမှချ၊ အဆောင်အယောင်များကိုသိမ်း၊ ပင်ကိုယ်က ပါလာတဲ့ ပစ္စည်းလောက်နဲ့ မြို့ပြင်မှာနေစေ-ဟု အမိန့်တော်ချလိုက်သည်။

ပုရောဟိတ်ကြီးသည် မြို့ပြင်မှာ တဲထိုး၍ ဆင်းရဲစွာ နေရသော်လည်း မိမိ၏၀တ္တရားကို မပျက်ကွက်စေဘဲ ညစဉ် ကောင်းကင်နက္ခတ်တို့ကို ကြည့်ရှုလေ့ရှိပေသည်။ ထိုစဉ် ရှင်ဘုရင်ဖြစ်သူက ဆင်ခြင်မိသည်မှာ ငါမေးတိုင်း လက်အောက်မှူးမတ်များ၊ မင်းချင်းများက တိုင်းပြည်သာယာပါတယ်၊ မုဒိန်းဒန္တ စသည်တို့ ကင်းရှင်းပါတယ်-လို့ လျှောက်တင်ကြတယ်။ ယင်းတို့ ပြောတဲ့အတိုင်း မှန်-မမှန် သိရအောင် ငါကိုယ်တိုင်ထွက်၍ စုံစမ်းမည်-ဟု ကြံစည်မိ၏။ သို့ဖြင့် ညအခါ တဦးတည်း ရုပ်ဖျက်ကာ လက်နက်ကိုင်၍ လမ်းကြိုလမ်းကြားသွားနေလေသည်။

ထိုသို့ သွားနေစဉ် မိမိနှင့် မျက်နှာချင်းဆိုင်မှလာကြသော လူတစုနှင့် တွေ့မိရာ ထိုလူများက ဟေ့-ရှေ့ကလာတာ ဘယ်သူလဲ၊-ဟုမေး၏။ မင်းကြီးက-ကျွန်တော် ညလူပါ-ဟုဖြေ၏။ သူခိုးများက တယောက်တည်းလား၊ အများနဲ့လား၊ ဟုမေးရာ မင်းကြီးက မခိုးတတ်၊ ခိုးတတ်ဆိုတော့ တယောက်တည်းပါပဲ-ဟုဖြေပြီးလျှင် ဆရာတို့လက်ခံရင် တပည့်အဖြစ် လိုက်လိုပါတယ်-ဟု ပြော၏။ သူခိုးအုပ်စုက လက်ခံသဖြင့် လိုက်သွားရ၏။ မြို့ပြင်ရှိ ပုရောဟိတ်ဟောင်း၏ တဲအနီး သစ်ပင်အောက်တွင် အချိန်ကို ငံ့လင့်ကာ စောင့်ဆိုင်းနေကြသည်။

ထိုစဉ် ပုရောဟိတ်ဟောင်း အမတ်ကြီးလည်း တဲမှထွက်ကာ ကောင်းကင်နက္ခတ်ကို ကြည့်ပြီးလျှင် သူ၏ဇနီးအား ဤသို့ပြော၏။ ရှင်မရေ ငါတို့ဘုရင်ဟာ ခိုးသူတွေလက်ထဲ ရောက်နေခဲ့တယ်။ သို့ပေမဲ့ စိုးရိမ်စရာမရှိပါ။ သုံးနာရီအကြာမှာ ခိုးသူတွေ လက်ထဲက လွတ်မှာပဲ-ဟု ပြော၏။ ထိုအခါ ဇနီးက ရှင်ဟာ အမှတ်သည်းခြေ မရှိဘူး၊ ရှင်ဘုရင်က ရာထူးချထားလို့ ကျွန်မတို့ မြို့ပြင်မှာ တဲပုတ်နဲ့ နေနေရတယ်။ အခု ရှင်ပြောတဲ့စကား မင်းကြီးနားရောက်သွားရင် ရှင်တော့ အသတ်ခံရတော့မှာပဲ-ဟု ပြောရာ ပုရောဟိတ်ဟောင်းက ရှင်မရယ်-ဒီလိုမပြောပါနဲ့၊ ခုလို ဆင်းရဲစွာ နေရတာ ဘ၀ါဘ၀က ပြုခဲ့တဲ့ မကောင်းမှုကံကြောင့်ပါ။ မင်းကြီးရဲ့ ကျေးဇူးသစ္စာကို စောင့်သိရမယ်။ တို့ကိုမသတ်ဘဲ ထားတာကို များစွာကျေးဇူးတင်ရမယ်။ မင်းကြီးရဲ့ ဘုန်းရိပ်၊ ကံရိပ်ကြောင့် တို့ဆင်းရဲပေမယ့် အေးအေးချမ်းချမ်း နေရတယ်။ ဒါကြောင့် မင်းကြီးအပေါ် သစ္စာရှိရမယ်-ဟု ပြော၏။

ဘုရင်ကြီးလည်း ထိုစကားများကို ကြားသိရလျှင် ငါ ပုရောဟိတ်ကြီးကို ရာထူးချမိတာ မှားသွားလေပြီ-ဟု သတိသံဝေဂရ၍ စိတ်မချမ်းမသာ ဖြစ်မိသည်။ အချိန်ကျလျှင် ခိုးသူတို့လည်း တိုက်တခုကိုဝင်ရောက် ခိုးယူကြ၍ ဝေစုခွဲကာ အသီးသီး မိမိတို့လိုရာ သွားကြ၏။ ဘုရင်ကြီးလည်း ထိုက်တန်သည့် ဝေစုရကာ နန်းတော်သို့ ပြန်လာခဲ့၏။ နောက်တနေ့ ညီလာခံသဘင်၌ မင်းကြီးက အသစ်ခန့်ထားသော ပုရောဟိတ်အား ညက-နက္ခတ်တာရာများကို ကြည့်ပါရဲ့လား-ဟု မေး၏။ ပုရောဟိတ်အသစ်က ညက-နက္ခတ်တာရာများကို ကြည့်ပါတယ်။ တိုင်းပြည် ၀ပြောသာယာပြီး မင်းကြီးလဲ ဘုန်းတန်ခိုး တိုးတက်ပါလိမ့်မယ်-ဟု လျှောက်ထား၏။ မင်းကြီးက ပုရောဟိတ်အသစ် လျှောက်တင်ချက်ကို မှတ်ထားလိုက်၏။ ထို့နောက် မင်းချင်းတယောက်ကို စေလွှတ်၍ မြို့ပြင်မှ ပုရောဟိတ်ဟောင်းကို ခေါ်စေ၏။

ပုရောဟိတ်ဟောင်း၏ ဇနီးက မင်းကြီးထံမှ အခေါ်လွှတ်ကြောင်း သိရသော် ၄င်း၏ခင်ပွန်းအား ကျွန်မ မပြောဘူးလား၊ ရှင် ညက ပြောတာကြောင့် မင်းပြစ် မင်းဒဏ် သင့်တော့မယ်-ဟု ငိုယိုပြောဆို၏။ ထိုအခါ ပုရောဟိတ်ကြီးက ရှင်မရယ် အခေါ်လွှတ်ရုံနဲ့ မင်းပြစ် မင်းဒဏ် သင့်ရမှာလား၊ ကျုပ်ကို ဒဏ်ခတ်ချင်ရင် လက်မရွံ့အာဏာသားတွေနဲ့ ခေါ်မှာ၊ မပူပါနဲ့-ဟု ပြော၍ နန်းတော်သို့ လိုက်သွားလေ၏။

မင်းကြီးက ညက-ကောင်းကင်နက္ခတ်များ ကြည့်မိသလား၊ ဘယ်လိုနိမိတ်များ မြင်ပါသလဲ-ဟုမေးရာ ပုရောဟိတ်ဟောင်းက ညက-ကောင်းကင်နက္ခတ်များကို ကြည့်ပါတယ်။ မင်းကြီးဟာ ခိုးသူများလက်ထဲကို ခေတ္တမျှ ကျရောက်နေတာကို တွေ့ရပါတယ်။ သို့ပေမဲ့ သုံးနာခန့်ကြာရှိတော့ ခိုးသူများထံမှ လွတ်မြောက်ခဲ့ပါတယ်-ဟု လျှောက်တင်၏။ ထိုအခါ မင်းကြီးက ပုရောဟိတ်ဟောင်း ပြောတာနဲ့ ညက ငါကိုယ်တော်ဖြစ်ခဲ့တာ တထပ်တည်းပဲ။ အံကိုက်ပဲ။ ပုရောဟိတ်ဟောင်းကြီးက ငါ့အပေါ်မှာ သစ္စာရှိတယ်။ ကျေးဇူးတရားကို သိတတ်တယ်။ ပြုနေကျဝတ္တရားကို မပျက်မကွက် ပြုပေတယ်-ဟု ပြောဆိုပြီးလျှင် လိမ်လည်ပြောဆိုသည့် ပုရောဟိတ်အသစ်ကို ရာထူးမှချ၍ ပုရောဟိတ်ဟောင်းအား ရာထူးဌာနန္တရ စည်းစိမ်ဥစ္စာတို့ကို ပြန်လည်ပေးအပ်ပြီး ချီးမြှောက်လေသည်။
အကိုး။ နာနာဆန္ဒဇာတ်တော်ကို မှီးပါသည်။

သူတော်ကောင်းနှင့် ပေါင်းဖော်ရသော အကျိုး

ကဿပမြတ်စွာဘုရား လက်ထက်တော်အခါက သောတာပန်တည်ပြီးသော အရိယာပုဂ္ဂိုလ်တဦးနှင့် ဆတ္တာသည်တဦးတို့သည် လှေအတူစီး၍ ခရီးထွက်ခဲ့ကြသည်။ ခရီးမထွက်ခင် ဆတ္တာသည်၏ဇနီးက သူ့ခင်ပွန်းကို စောင့်ရှောက်ပါရန် သောတာပန်ပုဂ္ဂိုလ်ထံ ပြောဆိုအပ်နှံလိုက်သည်။

ခရီးထွက်၍ ခုနစ်ရက်မြောက်သောနေ့တွင် သမုဒ္ဒရာအလယ်၌ လှေပျက်သောဒုက္ခနှင့် ကြုံကြရသည်။ ထိုအခါ သူတို့နှစ်ယောက် ပျဉ်တချပ်ကိုတွယ်ကပ်ပြီး လိုက်ပါသွားရာ ကျွန်းတကျွန်းသို့ ရောက်ရှိကြသည်။ ထိုကျွန်းပေါ်တွင် ဆတ္တာသည်က ကျေးငှက်တိရစ္ဆာန်တို့ကို သတ်ဖြတ်၍ စားသောက်သည်။ သောတာပန်ပုဂ္ဂိုလ်ကိုလည်း ငှက်သားတို့ကို ပေးသည်။ သောတာပန်ပုဂ္ဂိုလ်က လက်မခံပေ။

သောတာပန်ပုဂ္ဂိုလ်သည် ကျွန်းပေါ်၌ သရဏဂုံသုံးပါးကိုသာ အဖန်ဖန်အထပ်ထပ် ဆင်ခြင်အောက်မေ့နေသည်။ ဤကုသိုလ်ကံ စေတနာကြောင့် သမုဒ္ဒရာစောင့်နတ်မင်းနှင့် နဂါးမင်းတို့သည် သောတာပန်ပုဂ္ဂိုလ်ကို ကယ်တင်ရန် နဂါးမင်းက လှေကြီးသဏ္ဍာန်ဖတ်ဆင်းပြီး နတ်မင်းက လှေသမားဟန် ဖန်ဆင်း၍ ရောက်ရှိလာကြသည်။ ရတနာတွေလည်း တင်ဆောင်လာသည်။ ထိုပုဂ္ဂိုလ်အနားသို့ရောက်သော်-ဇမ္ဗူဒိပ်ကျွန်းသို့ သွားမည်သူရှိပါသလား-ဟု လှေသမားဟန် ဖန်ဆင်းထားသောနတ်က ကြွေးကြော်၍ အသံပေးလေသည်။ သောတာပန်ပုဂ္ဂိုလ်က အကျွန်ူပ် သွားလိုပါတယ်-ဟု ပြောသောအခါ လှေကြီးကို ရပ်ပေးသည်။

ဤတွင် သောတာပန်ပုဂ္ဂိုလ်က ဆတ္တာသည်ကိုပါ ခေါ်ခဲ့ပါရန် ခွင့်ပန်ပြောဆိုသည်။ ထိုအခါ လှေဦးစီးက ဆတ္တာသည်မှာ အကျင့်သီလမရှိသောကြောင့် မခေါ်နိုင်ပါ၊ ကျွန်ုပ်တို့လှေသည်ကား အကျင့်သီလရှိသူကိုသာ ခေါ်ခြင်းပြုပါသည်။ ဤသို့ဆိုလျှင် ကျွန်ုပ်ပြုသော ကုသိုလ်အဖို့ကို ဆတ္တာသည်အား အမျှဝေလျှင် ခေါ်ခွင့်ပြုမည်လား-ဟု သောတာပန်ပုဂ္ဂိုလ်က ပြောဆိုသည်။ အမျှဝေ၍ သာဓုခေါ်ရင်တော့ ခေါ်ခွင့်ပြုပါမည်။

ထိုအခါ သောတာပန်ပုဂ္ဂိုလ်က သူ၏ကုသိုလ်အဖို့ကို ဆတ္တာသည်အား အမျှပေးဝေလိုက်သည်။ ဆတ္တာသည်ကလည်း ၀မ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ်ခေါ်ဆိုလိုက်သည်။ ဤသို့ အမျှကုသိုလ်ရပြီးသောအခါ ထိုပုဂ္ဂိုလ်နှစ်ဦးတို့ကို သူတို့နေထိုင်ရာ ဗာရာဏသီပြည်အရောက် ပို့ဆောင်ပေးလေသည်။ ရတနာတို့ကိုလည်း ပေးသည်။ ဗာရာဏသီပြည်ရောက်သောအခါ သမုဒ္ဒရာစောင့်နတ်မင်းနှင့် နဂါးမင်းတို့က ကိုယ်ထင်ရှားပြ၍ ဆတ္တာသည်အား သူတော်ကောင်းနှင့် ပေါင်းဖော်ပါ။ အကျင့်သီလမြဲပါ။ သင်ကား အခု သူတော်ကောင်းနှင့် ပေါင်းဖော်၍ အသက်ချမ်းသာသည်။ ဥစ္စာရတနာများလည်း ရသည်-ဟု ဆုံးမပြောဆို၍ သူတို့နေထိုင်ရာ သမုဒ္ဒရာသို့ ပြန်သွားကြလေသည်။
အကိုး။ သီလာနိသံသဇာတ်။

မမေ့မလျော့ ပြုလုပ်ရမည့် တရားများ

ရှေးအခါက ဇနသန္ဓအမည်ရှိသော မင်းတပါးသည် ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရားနှင့်အညီ စိုးစံအုပ်ချုပ်တော်မူ၏။ ထိုမင်းသည် လစဉ် လပြည့်နေ့ရောက်တိုင်း ဥပုသ်သီလ ဆောက်တည်၏။ တိုင်းသူပြည်သားတို့ကိုလည်း လစဉ် တလလျှင် နှစ်ကြိမ် နန်းရင်ပြင်၌ စုရုံးစေ၍ နောင်တ ၁၀-မျိုး မဖြစ်ကြရအောင် ယခုအခါကပင် မမေ့မလျော့ကြပဲ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြရန် တိုက်တွန်းစကား ပြောကြားဆုံးမလေ့ရှိ၏။

တိုင်းသူပြည်သားတို့သည်လည်း မင်းကြီး၏စကားကို လိုက်နာ၍ မကောင်းမှုဟူသမျှ မပြုလုပ်ကြဘဲ ကောင်းမှုကုသိုလ်များကိုသာ ပြုလုပ်၍ နေထိုင်ကြသည်။ ထိုသို့ နေထိုင်ကြသဖြင့် ထိုမင်းလက်ထက်တွင် အချုပ်ထောင်များကို ဟင်းလင်းဖွင့်ထားရသည်။ အမှုအခင်းဖြစ်ပွားသူ မရှိသောကြောင့်လည်း တရားရုံများကို ပိတ်ထားရသည်။ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ အားထုတ်ကြသောကြောင့် ကွယ်လွန်သောအခါ၌လည်း နတ်ရွာသုဂတိသို့ ရောက်ကြရကုန်၏။

နောင်တ ၁၀-မျိုးကား
၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်ခဲ့မိလေခြင်း။
၂။ ဥစ္စာပစ္စည်း မစုဆောင်းမိခဲ့လေခြင်း။
၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတပါး၏ အသက်ကို သတ်မိခဲ့လေခြင်း။
၅။ သူတပါး သားမယားကို ပြစ်မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ ပညာမသင်ကြားခဲ့မိလေခြင်း။
၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း တို့ ဖြစ်သည်။
အကိုး။ ဒွါဒသနိပါတ်၊ ဇနသန္ဓဇာတ်။